၉ ဖေဖော်ဝါရီ ၂၀၂၆
ထိုင်းနိုင်ငံမှာ မနေ့က ဖေဖော်ဝါရီ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဘူရီရမ်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ရဲ့ မဲရေတွက်ရလဒ်အရ Bhumjaithai Party ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် နတ်သီတာ လက်ကူဒါကွန် (အမည်ပြောင် – “ပလွိုင်း”) က အနိုင်ရရှိခဲ့ပြီး လွှတ်တော်ထဲမှာ အသက်အငယ်ဆုံး အမတ် ဖြစ်လာတော့မယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
“ပလွိုင်း” ဟာ ဘူရီရမ်ပြည်နယ် စီမံခန့်ခွဲရေးအဖွဲ့ (PAO) ဥက္ကဋ္ဌ ဖူဆစ် လက်ကူဒါကွန် ရဲ့ သမီးဖြစ်ပြီး၊ ထိုင်းနိုင်ငံရေးလောကမှာ အင်အားကြီးမားသူတစ်ဦးအဖြစ် လူသိများတဲ့ နေဗင် ချစ်ချော့ဘ် ရဲ့ တူမလည်း ဖြစ်ပါတယ်။
အဆိုပါ မဲဆန္ဒနယ်မှာ ယခင်အမတ်ဖြစ်သူ ချိုင်ချာနော့ခ် ချစ်ချော့ဘ် က ပါတီအချိုးကျကိုယ်စားလှယ်အဖြစ် ပြောင်းလဲဝင်ရောက်ခဲ့တာကြောင့် လစ်လပ်လာတဲ့ နေရာကို “ပလွိုင်း” က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ပညာရေးအရ “ပလွိုင်း” ဟာ ဗြိတိန်နိုင်ငံ University of Sussex ကနေ စာရင်းကိုင်နဲ့ ဘဏ္ဍာရေးဘာသာရပ်နဲ့ ဘွဲ့ရရှိထားသလို Hult International Business School မှာ နိုင်ငံတကာ စီးပွားရေးဘာသာရပ်နဲ့ မဟာဘွဲ့ကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။
ဘူရီရမ် မဲဆန္ဒနယ်အမှတ် (၂) ဟာ ချစ်ချော့ဘ် မိသားစုရဲ့ စီးပွားရေးအင်အားအခြေစိုက်ဒေသတစ်ခုဖြစ်ပြီး ကျောက်ခြေစက်ရုံ၊ ဘောလုံးကွင်းနဲ့ Chang နိုင်ငံတကာ ပြိုင်ကားကွင်းတွေ တည်ရှိရာ နယ်မြေလည်း ဖြစ်ပါတယ်။
အတည်ပြုထုတ်ပြန်ချက်မဟုတ်သေးတဲ့ ရလဒ်တွေအရ ဘူရီရမ်ပြည်နယ်တစ်ခုလုံးမှာလည်း ဘွန်ဂျိုင်ထိုင်းပါတီက အသာစီးရရှိထားပြီး လက်ရှိ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် ဦးဆောင်တဲ့ ပါတီက အမတ်နေရာ ၁၉၀ ကျော်နဲ့ ဦးဆောင်နေတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
အဲ့ဒီနောက်မှာ People’s Party က အမတ်နေရာ ၁၁၀ ကျော်၊ Pheu Thai Party က ၇၀ ကျော်နဲ့ ဆက်လက်ရပ်တည်နေကြောင်း သိရပါတယ်။
ဓါတ်ပုံ -The Nation


