၆ ဖေဖော်ဝါရီ၂၀၂၆
အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို ဖွဲ့စည်းခဲ့စဉ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာစိန်ဝင်း (အသက် ၈၂ နှစ်) ဟာ ယနေ့ ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့မှာ ကွယ်လွန်သွားပြီလို့ နီးစပ်သူတွေက အတည်ပြုပြောကြားပါတယ်။
ဒေါက်တာစိန်ဝင်းဟာ အာဇာနည်ခေါင်းဆောင် ဦးဘဝင်းရဲ့သားဖြစ်ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့တူတော်စပ်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အကိုဝမ်းကွဲတော်စပ်သူ ဖြစ်ပါတယ်။
၁၉၈၈ ဒီမိုကရေစီအရေးအခင်းနောက်ပိုင်း ပြည်ပကို ရောက်ရှိသွားပြီးနောက် ဒေါက်တာစိန်ဝင်းဟာ NCGUB ကို ဦးဆောင်ဖွဲ့စည်းပြီး ပြည်ပအခြေစိုက် အမျိုးသားညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အခြေခံတဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ဆယ်စုနှစ်များစွာ ဆက်လက်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။


