Homeအထူးသတင်းမင်နီဆိုးတား ပစ်ခတ်မှုတွေကြောင့် “နိုးထဖို့ အချိန်ရောက်ပြီ” လို့ အိုဘားမား၊ ကလင်တန် တိုက်တွန်း

မင်နီဆိုးတား ပစ်ခတ်မှုတွေကြောင့် “နိုးထဖို့ အချိန်ရောက်ပြီ” လို့ အိုဘားမား၊ ကလင်တန် တိုက်တွန်း

၂၇ ဇန်နဝါရီ ၂၀၂၆

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်မှာ ဖက်ဒရယ်အစိုးရ အေးဂျင့်တွေ ရဲ့ ပစ်ခတ်မှုကြောင့် ဒုတိယအကြိမ် လူသေဆုံးမှု ဖြစ်ပေါ်လာပြီးနောက် ပြည်သူတွေအနေနဲ့ မကျေနပ်မှုတွေကို ဖွင့်ထုတ်ပြသဖို့၊ လုပ်သင့်တာတွေကို လုပ်ဖို့ အချိန်ရောက်လာပြီလို့ သမ္မတဟောင်းတွေဖြစ်တဲ့ ဘာရက်အိုဘားမားနဲ့ ဘီလ်ကလင်တန်တို့က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်တွေထဲမှာ အိုဘားမားနဲ့ ကလင်တန်တို့က မင်နီယာပိုးလစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံး ပစ်ခတ်သတ်ဖြတ်မှုဟာ အမေရိကန်အတွက် “လှုပ်နှိုးသတိပေးလိုက်တဲ့ အခိုက်အတန့်” ဖြစ်လာကြောင်း၊ ဒီမိုကရေစီရဲ့ အခြေခံစံတန်ဖိုးတွေကို ကာကွယ်ဖို့ ပြည်သူတွေ မားမားမတ်မတ် ရပ်တည်ရမယ့် အချိန်ဖြစ်လာပြီလို့ ဆိုပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မင်နီယာပိုးလစ်မြို့မှာ DHS လက်အောက်ခံ ICE အဖွဲ့က လုပ်ဆောင်နေတဲ့ ရွှေ့ပြောင်းအခြေချမှု ဖြိုခွင်းရေး လုပ်ဆောင်ချက်တွေကို ဒေသခံတွေ ဆန္ဒပြခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေနဲ့ ဖက်ဒရယ်အေးဂျင့်တွေကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး အဲဒီအတွင်း အသက် ၃၇ နှစ်အရွယ် အမျိုးသား ICU သူနာပြု အဲလက်စ် ပရက်တီကို အေးဂျင့်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရဘက်ကတော့ ပရက်တီဟာ အေးဂျင့်တွေကို အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပစ်ခတ်ခဲ့ရတာလို့ ရှင်းပြထားပေမဲ့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုမှတ်တမ်းတွေကတော့ အဲဒီအဆိုနဲ့ မကိုက်ညီတဲ့ မြင်ကွင်းတွေကို ပြသနေပါတယ်။ ဗီဒီယိုတွေထဲမှာ ပရက်တီဟာ သေနတ်ကိုင်ဆောင်ထားတာ မတွေ့ရဘဲ ဖုန်းကိုင်ထားတဲ့ လက်တဖက်နဲ့ အမျိုးသမီးတစ်ဦးကို ကာကွယ်ပေးနေတဲ့ အနေအထားမှာ ပစ်ခတ်ခံရတာကို တွေ့ရပါတယ်။

လဆန်းပိုင်းတုန်းကလည်း မင်နီယာပိုးလစ်မြို့မှာ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ICE အေးဂျင့်တွေက ပစ်သတ်ခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးဟာ “ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှု” ဆိုတဲ့ အကြောင်းပြချက်နဲ့ တူညီစွာ ရှင်းပြခံနေရတာ ဖြစ်ပါတယ်။

အိုဘားမားနဲ့ ဇနီး မစ်ချယ်လ် အိုဘားမားတို့က ဒီကိစ္စဟာ ပါတီစွဲ၊ အယူအဆကွဲပြားမှုတွေကို ကျော်လွန်ပြီး အမေရိကန်ပြည်သူအားလုံးအတွက် နိုးထရမယ့် ခေါ်သံတစ်ခုလို့ ဆိုပါတယ်။ ICE ဝန်ထမ်းတွေက လူထုကို ကိုင်တွယ်တဲ့အခါ မကြုံဖူးလောက်အောင် ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ သုံးလာနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

ကလင်တန်ကတော့ မင်နီယာပိုးလစ်မှာ မြင်နေရတဲ့ မြင်ကွင်းတွေဟာ တုန်လှုပ်စရာကောင်းပြီး သမိုင်းအတွင်း အနည်းအကျဉ်းသာ ကြုံခဲ့ဖူးတဲ့ အချိုးအကွေ့တစ်ခုကို အမေရိကန် ရောက်နေပြီလို့ ဆိုပါတယ်။ “ပြည်သူတွေ ကိုယ့်မျက်စိနဲ့ မြင်နေရတဲ့ အရာတွေကိုတောင် မယုံပါနဲ့ဆိုပြီး အာဏာပိုင်တွေက ပြောလာနေတဲ့ အခြေအနေဟာ အန္တရာယ်အလွန်ကြီးတယ်” လို့လည်း သူက ဝေဖန်ပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အဘီဂေးလ် ဂျက်ဆန်ကတော့ အိုဘားမားနဲ့ ကလင်တန်တို့ရဲ့ ပြောကြားချက်တွေဟာ ရှုပ်ထွေးနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး လူမှုရေးကွဲပြားမှုတွေကို ပိုမိုဆိုးရွားစေတယ်လို့ တုံ့ပြန်လိုက်ပါတယ်။ သူမရဲ့ ပြောကြားချက်အရ ဒီမိုကရက်တွေဟာ တရားမဝင် ရွှေ့ပြောင်းအခြေချလာတဲ့ ဒုစရိုက်သမားတွေကို ကာကွယ်ပေးနေတာဖြစ်ပြီး တရားဥပဒေစိုးမိုးရေး အရာရှိတွေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မင်နီယာပိုးလစ်မြို့အပါအဝင် မင်နီဆိုးတားပြည်နယ်အတွင်း ICE ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေက ကိုယ့်အချင်းချင်း ကာကွယ်ဖို့ ကင်းလှည့်စောင့်ကြည့်တာတွေကိုပါ စတင်လုပ်ဆောင်လာကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး