၂၃ ဇန်နဝါရီ ၂၀၂၆
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ရှိ ရော်ဘာတောအတွင်း ခွင့်ပြုချက်မရှိဘဲ ဆေးခန်းဖွင့်လှစ်ကာ ဆေးကုသပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့မှာ ကရဘူရီဒေသရှိ ရော်ဘာတောအတွင်း မြန်မာဇနီးမောင်နှံတစ်စုက မြန်မာအလုပ်သမားတွေကို ဆေးကုသပေးခြင်း၊ ဆေးဝါးရောင်းချခြင်းနဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်းတွေကို တရားမဝင်လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းအရ ထိုင်းအာဏာပိုင်တွေ သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးမှုအတွင်း ထိုင်း–မြန်မာနယ်စပ်အနီး ပါချန်ဒေသ ရော်ဘာတောအတွင်း ဆေးခန်းတစ်ခုကို တွေ့ရှိခဲ့ပြီး အသက် ၄၀ ကျော်အရွယ်ရှိ ကိုမိုးဝင်းနဲ့ မကြည်ကြည်ဌေးတို့ ဇနီးမောင်နှံကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဆေးခန်းအတွင်း စစ်ဆေးရာမှာ မြန်မာနိုင်ငံဘက်ကနေ တင်သွင်းထားတဲ့ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ အမြောက်အမြားတွေ့ရှိခဲ့သလို၊ ဆေးခန်းအပြင်ဘက် နေရာအချို့မှာလည်း ဆေးဘူးကြီး (စလင်း) တွေအပါအဝင် ဆေးဝါးတွေ ဝှက်ထားတာကို တွေ့ရပြီး ဆေးဝါးနဲ့ ပစ္စည်းအမျိုးအစား စုစုပေါင်း ၁၂၀ ခန့်ကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံကို ရော်ဘာခြစ်လုပ်သားအဖြစ် ဝင်ရောက်လာသူတွေဖြစ်ပြီး မကြည်ကြည်ဌေးဟာ ယခင်က မြိတ်မြို့မှာ သူနာပြုအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ကြောင်း အာဏာပိုင်တွေကို ထွက်ဆိုထားပါတယ်။ သူမဟာ ဆေးထိုးခြင်း၊ ဆေးသွင်းခြင်းနဲ့ ဆေးဝါးပေးခြင်းတွေမှာ အတွေ့အကြုံရှိသူဖြစ်ပြီး ဆေးဝါးတွေကို ကော့သောင်းမြို့ဘက်ကနေ မှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သက်သေခံပစ္စည်းတွေနဲ့အတူ ဇနီးမောင်နှံနှစ်ဦးကို အာဏာပိုင်တွေက ထိန်းသိမ်းထားပြီး လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်မှု၊ ဆေးကုသမှုနဲ့ ဆေးဝါးရောင်းချမှု စတဲ့ အမှုတွေနဲ့ ကနဦး အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Khaosod, CH 7, MGR online


