စစ်အုပ်စုရဲ့ အပိုင်း(၂) ရွေးကောက်ပွဲပြုလုပ်မှာကြောင့် မန္တလေး-စဉ့်ကူး ကားလမ်းကို ဇန်နဝါရီ(၉)ရက်နေ့ကနေ (၁၁) ရက်နေ့အထိ (၃)ရက်ကြာ ပိတ်ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ရွေးကောက်ပွဲလုပ်တဲ့နေ့အထိ ပိတ်မယ်လို့တော့ပြောထားတယ်။ မန္တလေးတိုးဂိတ်အကျော်ကနေ စပိတ်တယ်ပြောတယ်။ ကွင်းလမ်းတွေလည်း လုံခြုံရေးချထားတော့ ဘယ်သူမှမသွားကြဘူး ။ပိတ်လည်း ပိတ်ထားတယ်”လို့ မန္တလေး မြို့နေပြည်သူတစ်ဦးက ပြောပါတယ်။
ဒါ့ပေမယ့် မန္တလေးဘက်ကနေတက်လာတဲ့ စစ်မှုထမ်းခေါ်ယူထားတဲ့ လူငယ်တွေပါတဲ့ ကား ၁စီးနဲ့ ဝန်ကြီးချုပ်ယာဉ်တန်းလို့ ယူဆရတဲ့ VIP ယာဉ်တန်းလည်း လုံခြုံရေး ကား၃စီးနဲ့အတူ မတ္တရာမြို့ကို မနေ့က မနက်ပိုင်းမှာ ရောက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လွန်ခဲ့တဲ့ ၅ရက်ကစပြီး မတ္တရာမြို့နယ်ထဲကရွာတွေနဲ့ စဉ့်ကူးမြို့နယ်က မန္တလေ -မိုးကုတ်ကားလမ်းပိုင်းက ရွာခံတွေကို စစ်တပ်က ရွာထဲပြန်ဝင်ခိုင်းခဲ့ပေမယ့် မတ္တရာမြို့နယ်မှာ အပိုင်း(၂)ရွေးကောက်ပွဲလုပ်မှာမို့ လုံခြုံရေးအရဆိုပြီး ဒီလမ်းကိုပိတ်လိုက်တာကြောင့် ဒေသခံတွေနေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။
ပုံစာ -မန္တလေး-မတ္တရာ လမ်းပိုင်းတစ်ခုကိူ တွေ့မြင်ရစဉ်


