စစ်ကောင်စီအကောင်အထည်ပြန်ဖော်နေတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းဖို့ ဒီကနေ့ ဒီဇင်ဘာ (၂၄)ရက် မနက်ပိုင်းမှာ ဖားကန့်ဒေသခံတွေ လမ်းလျှောက်ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဧရာဝတီကိုကာကွယ်ကြ” ၊ ” ဧရာဝတီသည်ငါတို့ရဲ့ နှလုံးသွေးစက်”၊ “မြစ်ဆုံကိုကယ်တင်ပါ အာဏာရှင်စနစ်စီမံကိန်းများရပ်တန့်ပါ ” ၊ ပြည်သူ့ဆန္ဒကိုနားထောင် မြစ်ဆုံစီမံကိန်းဖျက်သိမ်း” ၊ “No Dam”စတဲ့ စာတမ်းတွေကိုကိုင်ဆောင်ပြီးဆန္ဒပြခဲ့ကြတာပါ။
“ကျွန်ုပ်တို့၏ မြစ် ၊ ကျွန်ုပ်တို့၏ အနာဂတ် ၊ သင့်စီမံကိန်းမဟုတ်ပါ -Our river, our future.Not your project” လို့ရေးထားတဲ့ စာတမ်းကိုလည်းကိုင်စွဲရင်း ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ သူတို့လုပ်တဲ့ စီမံကိန်းတွေကိူ အကြောင်းပြချက်မခိုင်လုံဘဲနဲ့ ကန့်ကွက်တာ ဆန္ဒပြတာတွေလုပ်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်နေတဲ့ ကြားက ဖားကန့် ဒေသခံတွေဟာ အခုလိုဆန္ဒထုတ်ဖော်လိုက်တာဖြစ်ပါတယ်။
ဒါအပြင်မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်အောင် တနိုင်ငံလုံးမှပြည်သူတွေကလည်း ဝိုင်းဝန်းကန့်ကွက်ပေးကြဖို့လည်းဆန္ဒပြပွဲမှာ တိုက်တွန်းနှိုးဆော်ခဲ့ကြပါတယ်။
တဆက်တည်းမှာဘဲဖားကန့်မှော်လှည့်သပိတ်နဲ့ ဒေသခံပြည်သူတွေကစစ်တပ်က ပြုလုပ်မယ့်ရွေးကောက်ပွဲကိုလည်း ကကန့်ကွက်ဆန္ဒပြခဲ့ကြပြီး၊ “ခွေးတွေလုပ်တဲ့ ရွေးကောက်ပွဲ တို့ပြည်သူတွေက မဲပေးစရာလား “ ၊ “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့ “ “NO VOTE” ၊ ” SHAM ELECTION”စတဲ့စာတမ်းတွေနဲ့ကြွေးကြော်သံကိုပါကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။
ဓါတ်ပုံ-ဖားကန့်မှော်လှည့်သပိတ်၊CJ


