ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ KK Park ကို အောက်တိုဘာ ၂၂ ရက်မှာ စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်စီးနင်းခဲ့ရာမှာ တိမ်းရှောင်ထွက်ပြေးရတဲ့ ကျားဖြန့်လုပ်ငန်းမှာ အရေးပါတဲ့ တရုတ်သူဌေးအများစုနဲ့ ဆော့ဝဲလ်ပိုင်းလုပ်ကိုင်သူတွေကို ကရင်နယ်ခြားစောင့်တပ် BGF ကနေရာတွေခွဲပြီး ခိုလှုံခွင့်ပေးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ ထံက သိရပါတယ်။
ပြည်တွင်းအလုပ်သမားတွေကတော့ နီးစပ်ရာ နေရာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ထွက်ပြေးတိမ်းရှောင်ကြသလို နိုင်ငံခြားသား အလုပ်သမားတွေကတော့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ယာယီခိုလှုံနေကြသလို၊ အချို့ကတော့ ထိုင်းနိုင်ငံမဲဆောက်ဘက်ကို တိမ်းရှောင်နေတာ ရာနဲ့ချီရှိနေပြီလို့ ဆိုပါတယ်။
“အဲဒီနေ့ထဲက မြင်တဲ့အတိုင်ဘဲ အရေးပါတဲ့သူတွေကို ဖောကားတွေနဲ့ အသုတ်လိုက်ခေါ်သွားတာနည်းမှမနည်းဘဲ။ အဲဒီဖောကားတွေကြားမှ ညှပ်ပြီးခေါ်သွားတဲ့ အိမ်စီးကားတွေက တရုတ်သူဌေးတွေ။ BGF ဘဲဦးဆောင်ခေါ်တာပေါ့။ ပြီးတော့ ဂိတ်ဖွင့်ချပေးလိုက်ပြီး အလုပ်သမားတွေကို ထွက်ပြေးခိုင်းလိုက်တာ”လို့ ဒေသခံတဦးက New Day Myanmar ကို ပြောပါတယ်။
New Day Myanmar က အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်အရ အဲ့ဒီတရုတ်နိုင်ငံသားသူဌေးတွေနဲ့ ကျားဖြန့်လုပ်ငန်းမှာ မရှိမဖြစ်အရေးပါသူတွေကို BGF ခေါင်းဆောင်တွေဖြစ်တဲ့ စောချစ်သူ စောတင်ဝင်းနဲ့ စောမုတ်သုန် တို့ရဲ့တပ်နယ်အလိုက်နေရာတွေမှာဖြန့်ပြီး ခိုလှုံခွင့်ပေးထားတယ်လို့ သိထားရပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး New Day Myanmar က BGF ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူး။
စစ်တပ်ကတော့ အခုဝင်စီးနင်းတဲ့ KK Park ဟာ KNU ခေါင်းဆောင်ပိုင်းတွေလုပ်ကိုင်တာလို့ သတင်းထုတ်ပြန်ထားပြီး ၊ BGF နဲ့မဆိုင်သယောင် ဖုံးကွယ်ထားတာကိုတွေ့ရပါတယ်။
“ဘယ်လောက်လိမ်လိမ်ဗျာ။ မြဝတီဒေသခံတွေက ပိုအသိဆုံးပါ။ သိတာကို ပြောပြန်ရင်လည်း ဖမ်းခံရမှာကြောင်လို့ မသိသလိုနေ နေကြတာ”လို့ အဲ့ဒီဒေသခံက ဆိုပါတယ်။
လတ်တလော ထိုင်းဘက်ကို ထွက်ပြေးနေကြတဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်သားအပါ ၇၀၀ ဦးကျော်ရှိနေပြီး ထိုင်းနိုင်ငံက ထွက်ပြေးလာသူတွေကိူ ယာယီစခန်း ၄ ခုဖွင့်ပြီး အရေးယူ ဆောင်ရွက်တာတွေလုပ်ဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
အောက်တိုဘာ ၂၃ ရက်က KK Park က နိုင်ငံခြားသား ၁၁၈ ဦးကို ဖမ်းဆီးရရှိထားတယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။
KK Parkဟာ BGF ကအဓိကလုံခြုံရေးတာဝန်ယူထားတဲ့ အွန်လိုင်းကျားဖြန့်စင်တာတခုဖြစ်ပြီး မြ၀တီမြို့နယ်၊ မယ်ထော်သလေးကျေးရွာအနီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးမှာ တည်ရှိနေတာဖြစ်ပါတယ်။
ဓါတ်ပုံ – CJ


