Homeပြည်တွင်းသတင်းမဟန သံဃာ့နာယက ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့အန္တိမစျာပနကို စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး wifi ကြိုးတွေ ဖြတ်ချပြီး ဖုန်းလိုင်းတွေ ဖြတ်တောက်နေ

မဟန သံဃာ့နာယက ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့အန္တိမစျာပနကို စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး wifi ကြိုးတွေ ဖြတ်ချပြီး ဖုန်းလိုင်းတွေ ဖြတ်တောက်နေ

၂၅ ဇွန်၊ ၂၀၂၄

ဇွန်လ ၂၇ ရက်မှာ ကျင်းပမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာ ရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ အန္တိမစျာပနကို စစ်ကောင်စီတပ်တွေက အင်အားအလုံး အရင်း သုံး ပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖြတ်သန်းသွားလာတဲ့ လူနဲ့ ယာဉ်တွေကို စစ်ဆေးတာ ၊ လူနေရပ်ကွက်တွေက wifi ကြိုးတွေ ဖြတ်တောက် ညှပ်ချတာ ၊ ဖုန်းလိုင်းတွေ အင်တာနက်မိုဘိုင်းဒေတာ သုံးလို့မရအောင် လုပ်ထား တာ စတဲ့ သတင်းပြတ်တောက်အောင် လုပ်ထားတာမျိုးတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျွန်တော်တို့ အိမ်ဖက်ကနေ သုဿန်သွားမှာ ။ wifi ကြိုးတွေ ညှပ်ဖြတ်ချပြီး လမ်းတစ်လျှောက် cctv တပ်ထားတယ်။ စစ်သားတွေကလည်း အင်အား အပြည့်ပဲ အရပ်ဝတ်နဲ့ ပတ်နေကြတာ 360° မလှုပ်ရဲဘူး ဒလန်ကလည်း ပေါချက်” လို့ ပဲခူးမြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ရုပ်ကလပ်တော် ရှိရာ ကျောင်းတိုက်နေရာက အန္တိမစျာပနကျင်း ပမယ့် နေရာအထိ သွားမယ့် လမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက wifi ကြိုးတွေကို ဖြတ်ချပြီး CCTV တွေ လိုက်ပြီး တပ်ဆင်ထားတယ်လို့ သိရပါတယ်။

ဆရာတော်ကြီးဖြစ်စဉ်ကို ကန်သုံးဆင့်ဆရာတော်ကြီးက သံဃာထုအလယ်မှာ ရှင်းပြတာကို Live လွှင့်ရာကတဆင့် Digital Footage ရသွားတာ ဖြစ်တဲ့အတွက် စစ်ကောင်စီဟာ အင်တာနက် သုံးလို့ မရအောင် ဖိနှိပ်နေတယ်လို့ ပဲခူးမြို့ခံတွေက ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတုန်းကလိုပဲ ပဲခူးမြို့ပေါ်က သူတို့လက်အောက်ခံ ဆေးခန်းနဲ့ အထပ်မြင့်အဆောက်အအုံတွေကနေ ကင်းပုန်းဝပ် စောင့်ကြည့်တာပါ လုပ်နေပြီလို့ သိရပါတယ်။

“သူတို့ဟာ သူတို့လည်း ၂၇ ကို သတိထားဖို့ အချင်းချင်း ပြောနေကြတာတော့ ကြားတယ်။ ၂၀၂၁ ကလို အထပ်မြင့်တွေမှာ စောင့်နေတာမျိုးတွေလည်း ရှိတယ် ။ တစ်ခုခုဆို တခါထဲဖြိုခွဲဖို့ ပစ်ကြဖို့ အသင့်ပြင် ထားကြတယ် ထင်တယ်”လို့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းကာစက ပဲခူးမြို့ပေါ်က လူထုအုံကြွမှုတွေကို ပစ်ခတ်နှိမ်နင်းတဲ့အခါမှာ တစ်နေ့ထဲ ပြည်သူအယောက် ၈၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးပြီး အာဏာသိမ်းတစ်နှစ်ပြည့်မှာလည်း ကိုယ်ဝန်၈လလွယ်ထားတဲ့ အသက် ၂၃ နှစ်အရွယ် မချစ်ချစ်ထွန်းကို တမင်ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးပါတယ်။

ဆက်စပ် သတင်းများ

Most read