Homeအထူးသတင်းအမျိုးသမီးတစ်ဦး ရဲစခန်းအတွင်း မုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ရဲစခန်းတခုလုံး တာဝန်က ဆိုင်းငံ့ခံရ

အမျိုးသမီးတစ်ဦး ရဲစခန်းအတွင်း မုဒိမ်းကျင့်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ရဲစခန်းတခုလုံး တာဝန်က ဆိုင်းငံ့ခံရ

ဩဂုတ် ၆၊ ၂၀၂၆ | New Day Myanmar

ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ရှိ ဂါဇီယာဘတ်ရဲစခန်းအတွင်း အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်စပ်ပြီး ရဲစခန်းအကြီးအကဲအပါအဝင် ရဲဝန်ထမ်းနဲ့ အမှုထမ်း ၇၈ ဦးလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့လိုက်ပါတယ်။

မသန်စွမ်းဖြစ်တယ်လို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီးကို လက်ထောက်ရဲအုပ်တစ်ဦးက မော်တော်ဆိုင်ကယ်နဲ့ ရဲစခန်းဆီ ခေါ်ဆောင်လာပြီး အပေါ်ထပ်အခန်းတစ်ခုအတွင်း မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ အမျိုးသမီးဟာ ပြစ်မှုတစ်ခုခုနဲ့ အလိုရှိသူ ဒါမှမဟုတ် စွပ်စွဲခံထားရသူ မဟုတ်တာကြောင့် ရဲစခန်းဆီ ခေါ်ဆောင်လာစရာအကြောင်း မရှိဘူးလို့ စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူတွေက ပြောပါတယ်။

စွပ်စွဲခံရတဲ့ လက်ထောက်ရဲအုပ်ကို ဖမ်းဆီးထားပြီး ပါကစ္စတန်ရာဇသတ်ကြီးရဲ့ မုဒိမ်းမှုဆိုင်ရာပုဒ်မနဲ့ ရဲဝန်ထမ်းအကျင့်ပျက်မှုဆိုင်ရာပုဒ်မတို့အောက်မှာ အမှုဖွင့်ထားပါတယ်။ တရားရုံးကလည်း စုံစမ်းစစ်ဆေးဖို့ ရဲချုပ်နှောင်ခွင့် ၄ ရက် ခွင့်ပြုထားတယ်လို့ သိရပါတယ်။

အမျိုးသမီးက အခင်းဖြစ်ပွားခဲ့တယ်လို့ဆိုတဲ့ ရဲစခန်းအပေါ်ထပ်အခန်းကို အကြီးတန်းရဲအရာရှိတွေရှေ့မှာ လိုက်လံပြသခဲ့ပြီး ပန်ဂျပ်မှုခင်းသိပ္ပံအေဂျင်စီက အဲဒီနေရာမှာ သက်သေအထောက်အထားတွေ စုဆောင်းထားပါတယ်။ ဆေးစစ်ချက်နဲ့ မှုခင်းဆေးပညာရလဒ်တွေကိုတော့ ဆက်လက်စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

လာဟိုးရဲတပ်ဖွဲ့က ရဲစခန်းအကြီးအကဲ၊ ဒုရဲအုပ် ၂ ဦး၊ လက်ထောက်ရဲအုပ် ၈ ဦး၊ ရုံးဝန်ထမ်း၊ ယာဉ်မောင်းနဲ့ တခြားရဲအမှုထမ်းတွေအပါအဝင် စခန်းမှာ တာဝန်ကျနေသူ ၇၈ ဦးလုံးကို ကြီးကြပ်ကွပ်ကဲမှု အားနည်းတာနဲ့ ဖြစ်စဉ်ကို တားဆီးဖို့ ဒါမှမဟုတ် အကြီးတန်းတာဝန်ရှိသူတွေထံ အချိန်မီတင်ပြဖို့ ပျက်ကွက်တာကြောင့် ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။

“အမျိုးသမီးရဲဝန်ထမ်းမရှိတဲ့အချိန်မှာ အမျိုးသမီးတစ်ဦးကို ဘာကြောင့် ရဲစခန်းဆီ ခေါ်လာသလဲဆိုတာ ဘယ်သူမှ မေးမြန်းခြင်းမရှိခဲ့ပါဘူး” လို့ လာဟိုးရဲတပ်ဖွဲ့ စစ်ဆင်ရေးဌာန ဒုတိယရဲချုပ် ဖိုင်ဆယ် ကမ်ရန်က ပြောပါတယ်။

လက်ရှိအချိန်အထိ တခြားရဲဝန်ထမ်းတွေက မုဒိမ်းမှုမှာ တိုက်ရိုက်ပါဝင်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးပေမယ့် ရဲစခန်းအတွင်း စည်းကမ်းနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ ပျက်ကွက်မှုအတွက် စခန်းတစ်ခုလုံးကို စုံစမ်းစစ်ဆေးနေပါတယ်။

Related News

Most Read