ရွေးကောက်ပွဲဥပဒေအရ တပ်တွင်းမဲရုံဆိုတဲ့ ဝေါဟာရဆိုတာမျိုးမရှိဘူးလို့ စစ်ကော်မရှင် ဩဇာခံ ရွေးကောက်ပွဲကော်မရှင်- UEC က ထုတ်ပြန်လာပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲဟာ မဲရုံအရေ အတွက်၊ မဲပေးခွင့်ရှိသူ ဦးရေနဲ့ နေရာဒေသ၊ သွားလာရေးအပေါ်မူတည်ပြီး သင့်တော်သလို သတ်မှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းထားတဲ့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလအတွင်းကျင်းပသွားမယ်လို့ ပြောကြားထားပေမယ့် တစ်နိုင်ငံလုံးတိုက်ပွဲဖြစ်နေသလို ရန်ကုန်မြို့လိုနေရာတွေမှာ လုံခြုံ ရေးအခြေအနေ စိုးရိမ်ရတာကြောင့် ပါတီမဲဆွယ်စည်းရုံးရေးဆင်းဖို့ စိုးရိမ်မှုတွေရှိနေကြတယ်လို့ နိုင်ငံရေးပါတီဝင်တစ်ဦးက New Day Myanmar ကိုပြောပါတယ်။
NLD အစိုးရလက်ထက်မှာအဓိကထောက်ပြခဲ့တဲ့ တပ်တွင်းထဲက မဲရုံတွေကို ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်ပြင်ပနဲ့အနီးတဝိုက်မှာ ရွှေ့ပြောင်းခဲ့တာတွေရှိပါတယ်။
စစ်ကော်မရှင်ပြုလုပ်မယ့် အခု ရွေးကောက်ပွဲမှာလည်း စစ်တပ်မိသားစုထည့်မယ့် တပ်တွင်းမဲရုံဆိုတာမျိုးတွေရှိလာနိုင်ပြီး၊ လုံခြုံရေးအရဆိုပြီး စစ်ကော်မရှင် အခြေစိုက်တဲ့နေရာတွေမှာ လုပ်လာဖို့ရှိတယ်လို့ စောင့်ကြည့်လေ့လာသူတွေကခန့်မှန်းသုံးသပ်တာတွေရှိနေပါတယ်။
“မင်္ဂလာဒုံတို့ လှည်းကူတို့စတဲ့ စစ်တပ်စခန်းတွေရှိနေတဲ့မြို့နယ်တွေမှာ သူတို့လက်လှမ်းမီတဲ့ အဝန်းအဝိုင်းမှာ လုပ်ချင်လည်းလုပ်နိုင်ပါတယ်။ သေချာတာကတော့ တပ်မိသားစုတွေရဲ့မဲရုံက တပ်တွင်းထဲမှာဘဲ လုပ်ဖို့ ရာခိုင်နှုန်းပိုများတာပေါ့။”လို့ သူက ဆက်ပြောပါတယ်။
ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၆ (က) မှာ UEC ဟာ ရပ်ကွက်ကျေးရွာအလိုက်ထားရှိမယ့် မဲရုံအရေအတွက်ကို မဲပေးခွင့်ရှိသူဦးရေနဲ့ နေရာဒေသ အခြေနေပေါ်မူတည်ပြီး သင့်တော်သလို သတ်မှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကော်မရှင် လုပ်မယ့်ရွေးကောက်ပွဲကို လုံခြုံရေးအခြေအနေကြောင့်ဆိုပြီး မြို့ နယ်ပေါင်း ၂၆၀ ကျော်မှာပဲ ကျင်းပသွားမယ်လို့ UEC ကပြောထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ NLD ပါတီကို မဲမသမာမှုရှိတယ်လို့ စွပ်စွဲပြီး စစ်တပ်ကအာဏာ သိမ်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးသမားအများအပြားကို ဖမ်းဆီးခဲ့ပါတယ်။
အခု စစ်ကော်မရှင် ဦးစီးပြုလုပ်မယ့် ရွေးကောက်ပွဲမှာတော့ လူထုထောက်ခံမှုအားကောင်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီအဖွဲ့ချုပ် SNLD ပါတီတို့ မှတ်ပုံပြန်မတင်လို့ဆိုပြီး ဖျက် သိမ်းထားပါတယ်။


