ဖားကန့်မှာ စစ်ကောင်စီနဲ့ KIAတို့အကြား တိုက်ပွဲဖြစ်ပွားရာကနေ ဒေသခံအရပ် သားအမျိုးသား ၂ ဦး သေနတ်ဒဏ်ရာရရှိကာ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ဇူလိုင် ၁၂ ရက်က ဖားကန့်မြို့နဲ့ ဆိပ်မူကျေးရွာသွားလမ်းပေါ်က ရွှေမြန်မာစက်သုံးဆီဆိုင်ရှေ့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အဲ့ဒီအနားဖြတ်သွားတဲ့ ဒေသခံအမျိုးသားနှစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ သေဆုံးခဲ့တာဘဲဖြစ်ပါတယ်။
သေနတ်ထိမှန်သေဆုံးသူအမျိုးသားတစ်ဦးဟာ သူမောင်းနှင်လာတဲ့ လင့်ခရူဇာ ကားအမျိုးအစား ကားနံပါတ် 7E-9966 ပေါ်မှာ သေဆုံးနေပြီး နောက်တစ်ဦးကတော့ လမ်းမပေါ်မှာ လဲကျနေသူတာတွေ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆိပ်မူကျေးရွာအုပ်စု ဆိပ်မူ-ဖားကန့်သွားလမ်းပေါ်က ယူမာကျေးရွာက အဲဗားဝင်းနားကုမ္ပဏီ ရွှေမျောခြံအတွင်း စခန်းချနေခဲ့ကြတာဖြစ်ပြီး ဇူလိုင် ၁၂ ရက် ညနေပိုင်းက ကားနဲ့လှုပ်ရှားစစ်ကြောင်းထွက်ရာမှာ ရွှေမြန်မာစက်သုံးဆီဆိုင်ရှေ့အရောက် KIA/KPDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်ကြတာဖြစ်ပါတယ်။
“ကြည့်ရတာ လမ်းပေါ်ကတစ်ယောက်က ဆိုင်ကယ်မောင်းလာတာ တစ်ယောက်က ကားနဲ့ဆိုတော့ ဆီထည့်ပြီးအပြန် တိုက်ပွဲနဲ့ တွေ့ပြီးကြားညှပ်သွားတာဖြစ်မယ်လို့ ယူဆနေကြတာဘဲ၊ အခုထိတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာ သူတမျိုး ကိုယ်တမျိုးပြောနေကြတာပါဘဲ သေနတ်ထိမှန်တာကတော့ ဟုတ်တယ် “လို့ ဒေသခံတစ်ဦးက သူ့ရဲ့အမြင်ကိုပြောပါတယ်။
အဲဒီဖြစ်စဉ်မဖြစ်ပွားမီ ဇူလိုင် ၁၂ မွန်းလွဲပိုင်းအချိန်က လမောင်ကုန်းကို ပြန်လည်ရရှိရေးထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်ပြိုကျေးရွာအနီးမှာရှိတဲ့ ကချင်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးကျောက်တူးဖော်ရေးကုမ္ပဏီ-KNDPC ရဲ့အဆောင်ပေါ်ကို ဒရုန်းဗုံးကြဲချခဲ့တာကြောင့် ကုမ္ပဏီဝန် ထမ်း ၆ ဦး ပြင်းထန် ထိခိုက်ဒဏ်ရာများရရှိခဲ့သေးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CJ


