၁၁ ဇူလိုင် ၂၀၂၅
အဓမ္မဝါဒီများကို ဓမ္မဝါဒနဲ့ အစဥ်တစိုက် ရင်ဆိုင်ခဲ့တဲ့ သက်တော် (၆၀) ကျော်ပြီဖြစ်တဲ့ ရွှေညဝါဆရာတော် ဥူးပညာသီဟဟာ နောက်ဆုံးချိန်အထိ ပြည်ပထွက် ဆေးကုသခွင့်မရဘဲ ပျံလွန်တော်မူခဲ့ရရှာပါတယ်။
စစ်ကောင်စီက ဆရာတော်ပြည်ပထွက်ပြီးဆေးကုသဖို့ နိုင်ငံကူးလက်မှတ် ၄ ကြိမ် လျှောက်ထားတဲ့အပေါ် ၄ ကြိမ်လုံး ပယ်ချတဲ့ နည်းနဲ့ပိတ်ပင်ခဲ့တာကြောင့် ဆေးကုသခွင့်မရဘဲ ပျံလွန်တော်မူတာဖြစ်တယ်လို့ဆရာတော်ရဲ့တပည့်ဖြစ်သူတွေက အတည်ပြုပြောတယ်လို့ ဘီဘီစီရဲ့ ရွှေညဝါဆရာတော်နဲ့ မောင်သာချို- ဖမ်းဆီးခံ၊လွတ်မြောက်အတူနဲ့ အတူထွက်ခွာသွားကြသူများ ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဒါဟာ ဆရာတော့်အပေါ် ဝေဒနာခံစားစေပြီး ညှင်းပန်းနှိပ်စက်ခဲ့တာဖြစ်တယ်လို့ ဓမ္မဝါဒလက်ကိုင်ထားသူတွေက ရှုမြင်သုံးသပ်ခဲ့ကြပါတယ်။
တနည်းပြောရရင် အသည်းရောဂါဝေဒနာ အပြင်းအထန်ခံစားနေရတဲ့ ဆရာတော်ကို ပြည်တွင်းရှိ ဆရာဝန်ကြီးတွေက ပြည်ပထွက်ပြီး အသည်းအစား ထိုးကုသမှုခံယူဖို့ အကြံပြုခဲ့ပေမယ့် စစ်ကောင်စီက ဆိုးယုတ်တဲ့စိတ်နဲ့ ပစ်ပယ်ထားခဲ့တာလို့လည်း သုံးသပ်နေကြပါတယ်။
လက်ရှိအချိန်မှာ ရွှေညဝါ ဆရာတော်ရဲ့ရုပ်ကလာပ်ကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ဘုရားလမ်းက ရွှေညဝါတောရကျောင်းတိုက်မှာ ဇူလိုင်လ ၁၆ ရက်နေ့အထိ အပူဇော်ခံထားရှိမယ်လို့ သိရပါတယ်။
ဆရာတော်နဲ့ ပျံလွန်တော်မူတာနဲ့ပတ် သက်လို့လည်း စစ်ခေါင်းဟာ အဓိက တရားခံဖြစ်တဲ့အပြင် ဆရာတော်ရဲ့ စစ်ကောင်စီအပေါ် ဒူးမထောက်လက်မမြောက်ကြံကြံခံခဲ့တဲ့ နွေဦးတော်လှန်ရေးရဲ့ ဦးဆောင်ရဟန်းတစ်ပါးလို့ လူမှုကွန်ရက်တွေအပေါ် ယနေ့အထိပြောဆိုရေးသားမျှဝေနေတာလည်းတွေ့ရပါတယ်။


