ပဲခူးဒေသ၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ကပြီးခဲ့တဲ့ ဇွန် ၂၅ ရက်၊ မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ ကသတင်းထုတ်ပြန်ထားပါတယ်။
ဇေယျဝတီမြို့ဘူတာရုံကို မနက် ၁ နာရီ ၂၄ မိနစ်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးထိ ခိုက်ဒဏ်ရာရပြီး MA1 တလက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆံအချို့နဲ့ ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဘူတာရုံစခန်းမှ စကစတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားတဲ့အတွက် ဝင်ရောက်ရှင်းလင်းစဉ် မီးရထားဝန်ထမ်း တဦးကို တွေ့ရှိတဲ့အတွက် အလင်းဝင်ရောက်ဖို့ မှာကြားပြီး လွှတ်ပေးခဲ့သလို ဘူတာရုံဝန်ထမ်းအိမ်ယာတွေမှာ စကစတွေ ဝင်ရောက်နေထိုင်းခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
စီးနင်းတိုက်ခိုက်နေချိန်မှာ ဖြူးမြို့နယ် တရားရုံးရှေ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ကင်းပတ်နေတဲ့ စစ် ကောင်စီ ယာဉ်တွေကို စစ်ဆေးတိုက်ခိုက်ခြင်း၊ ဇေယျဝတီသကြားစက်မှာ ကင်းပုန်းချထားတဲ့ စကစတွေကို တိုက်ခိုက်ခြင်းအပြင် ဖြူး ပကဖ ဒရုန်းအဖွဲ့ကလည်း ဇေယျဝတီရဲစခန်းကို ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ ကသတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ဖြူးမြို့နယ် ပကဖ


