မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ ဒေသခံအမျိုးသမီးတဦး သေဆုံး၊ တဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။
စဥ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာမြောက်ဘက် လယ်ကွင်းအနီးကို ဇွန် ၂၃ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ဇွန်လ ၂၃ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်မှာ မတ္တရာမြို့နယ်၊ ဥက္ကံကျေးရွာ ဝန်းကျင်ကိုလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြင်ဦးလွင်ခရိုင် ပကဖအနေနဲ့ စစ်ကောင်စီရဲ့ ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေ အပေါ် ပြည်သူတွေအနေနဲ့ လုံခြုံရေး သတိထားနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။


