စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စာသင်ကျောင်းတကျောင်းကို မြန်မာစစ်တပ်က မေလ ၁၂ ရက်မှာ တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တွေ အဓိကအပါအဝင် လူဒါဇင်ပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုကို ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်တယ်လို့ ပြောပါတယ်။
မေလ ၁၄ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက အဲ့လိုပြောကြားလိုက်တာဖြစ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအသစ်ဟာ မြန်မာစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ အလားတူဗုံးကြဲတိုက်ခိုက်မှုမျိုးကို လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ကြောက်မက်ဖွယ်မြေငလျင်လှုပ်ခတ်ခဲ့တဲ့ နေရာတွေမှာလည်းပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် သေဆုံးသူခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ သူတို့ကို ချစ်ခင်ရသူတွေ အားလုံးကို ပြင်သစ်နိုင်ငံက စာနာပါကြောင်းနဲ့ ဝမ်းနည်းပါကြောင်းပြောကြားလိုတယ်လို့ ပြောပါတယ်။
ပြင်သစ်နိုင်ငံဟာ မြန်မာပြည်သူတွေနဲ့ အတူ မားမားမတ်မတ်ရပ်တည်နေပြီး နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာကြဖို့၊ အကြမ်းဖက်မှုတွေ ဆုံးသတ်ကြဖို့နဲ့ ဋိပက္ခမှာ ပါဝင်သူအားလုံးအကြား တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖွေကြဖို့ ထပ်မံ တောင်းဆိုလိုက်တယ်လို့ ဆိုပါတယ်။