Homeဗွီဒီယိုမြဝတီမှာ ကားလမ်းအခြေအနေကြောင့် စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်

မြဝတီမှာ ကားလမ်းအခြေအနေကြောင့် စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်

၁၃ ဇွန်၊ ၂၀၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ကားလမ်းအခြေအနေဆိုးဝါးနေပြီး ကုန်တင်ကားတွေ တက်လာလို့ မရတဲ့ အတွက် စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

မြဝတီမှာ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ ဈေးနှုန်းတွေအရ ဆန်ကြမ်းဈေးနှုန်းက တစ်အိတ်ကို ၁၈၀၀၀၀ မှ ၂၀၀၀၀၀ ကြားပေးဝယ်နေရပြီး တချို့ဆိုင်တွေဆိုရင် ဆန်ထုတ်မရောင်းတော့ဘူးလို့ သိရပါတယ်။

“ဆန်က တစ်အိတ်ကို ၁၈၀၀၀၀ က ၂၀၀၀၀၀ ကြားပေးဝယ်ရတယ်။ ဒါတောင် အချောမဟုတ်သေးဘူး ။ အမဲသား ဝက်သားက တစ်ပိဿာ ၄သောင်း ၊ အိမ်ကြက်က တစ်ပိဿာ ၄သောင်း ၊ ဆီကတော့ ထိုင်းကလာ တာဆိုတော့ တစ်လီတာ ၅ထောင်ကျော် ၊ ဓာတ်ဆီက တစ်လီတာ ၃ထောင်ပဲ ၊ ကန်စွန်းရွက်က တစ်စည်း ၅၀၀ ဆိုပေမဲ့ သေးသေးလေးပဲပါတာ၊ ကားတွေ တက်လာလို့မရသေးလို့ ဆန်ဈေးတွေ တက်ကုန် တာလို့ တော့ ပြောတယ် ၊ အသားဈေးတော့ ဘာလို့တက်တယ်မသိဘူး ” လို့ မြဝတီဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

လက်ရှိ ပြည်တွင်းကနေ မြဝတီကို တက်တဲ့ လမ်းတွေအကုန် ဆိုးဝါးနေပြီး မိုးရာသီဖြစ်တဲ့အတွက် တောင်ပေါ်အတက်လမ်းဟာ ကားမှောက်တာ ၊ ကုန်စည်လေလွင့်ဆုံးရှုံးရတာတွေ ရှိနေတဲ့အတွက် မြဝတီကို ပြည်တွင်းက ကုန်များ ရောက်လာဖို့ ခက်ခဲနေပြီး ဈေးတွေ မြင့်တက်လာတာဖြစ်ပါတယ်။

“မြဝတီမှာ ဆန်ကရှာမရတော့ မဲဆောက်ကနေဝယ်စားမလားဆိုတော့လည်း လက်ရှိပြောင်းလိုက်တဲ့ ထိုင်း ကာစတန်က စားသောက်နဲ့အလှကုန်တွေဆိုရင် ငွေတောင်းကြမ်းနေတော့ သယ်လို့မှမကိုက်ပြန်ဘူး အခု က လုပ်စားတော့ မိုးခေါင် ခိုးစားတော့ ခွေးဟောင်ဆိုတာလို ဖြစ်နေပြီလို့ “ အမည်မဖော်လိုသူ မြဝတီ-မဲဆောက် ယာဉ်ပြေးဆွဲနေသူ ယာဉ်မောင်းတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

လက်ရှိ မြဝတီမြို့ ရှိ ဆန်ဆိုင်တစ်ချို့ က ဆန်ထုတ်မရောင်းတော့တဲ့ အခြေအနေတွေနဲ့ ကားလမ်း အခြေ အနေဆိုးဝါးမှုကြောင့် ကုန်တင်ယာဉ်တွေ မြဝတီအထိ မောင်းလာလို့မရတဲ့ အခြေအနေမှာ ရက်ပိုင်း အတွင်း ဆန်စျေးက ၂ သိန်းဝန်းကျင်အထိမြင့်တက်နေပြီး စျေးကွက်အတွင်း ဝယ်ယူ လို့လည်းမရဘူးလို့ သိရပါတယ်။

မြဝတီမှာ လွန်ခဲ့တဲ့ရက်တွေက ရေကြီးခဲ့ပြီး လက်ရှိမှာ ရေတွေ ပြန်ကျကုန်ပြီဖြစ်ပေမယ့် ဆန်ဆိုင်တစ်ချို့ ပိတ်ထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

“ဆန်ကားတွေ တက်လာရင်တော့ ဈေးတွေ ကျမယ်ထင်တယ်၊ ခုကတော့ တချို့ ဆန်ဆိုင်တွေဆို ပိတ်ထား တယ်။ ဆန်ကားတွေ ကုန်ကားတွေက လမ်းတအားဆိုးလို့ မတက်တာ အောက်မှာတော့ ရောက်နေပြီ”လို့ မြဝတီဒေသခံတစ်ဦးက ပြောပါတယ်။

ဆက်စပ် သတင်းများ

Most read