Homeဗွီဒီယိုနွားထိုးကြီးမြို့နယ် ကူကုန်းရွာကို မီးရှို့ဖျက်ဆီး ၊ သက်ကြီးရွယ်အို နှစ်ဦးအရှင်လတ်လတ်မီးလောင်သေဆုံး

နွားထိုးကြီးမြို့နယ် ကူကုန်းရွာကို မီးရှို့ဖျက်ဆီး ၊ သက်ကြီးရွယ်အို နှစ်ဦးအရှင်လတ်လတ်မီးလောင်သေဆုံး

နွားထိုးကြီးမြို့နယ် ကူကုန်းရွာကိုတိုက်ပွဲမရှိဘဲ ဝင်မီးရှို့ဖျက်ဆီး ၊ အိမ်ခြေတစ်ရာကျော် မီးလောင်ပြီး သက်ကြီးရွယ်အို နှစ်ဦးအရှင်လတ်လတ်မီးလောင်သေဆုံး (ရုပ်/သံ)

၁၁ ဇွန်၊ ၂၀၂၄

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကူကုန်းရွာမှာ စစ်ကောင်စီတပ်တွေက တိုက်ပွဲမရှိဘဲ ဇွန်လ ၁၀ရက် မနက် ၈ နာရီခွဲဝန်းကျင်က ရွာထဲဝင်ပြီး မီးရှို့သွားတာကြောင့် အိမ်ခြေ တစ်ရာကျော် မီးလောင် ပျက်စီးခဲ့ပြီး မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုနှစ်ဦး အရှင်လတ်လတ် မီးလောင်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

သျှောင်ပေစူးတို့ရွာ၊ ဆံရစ်ဝိုင်းတို့ရွာလို့ လူသိများတဲ့ ကူကုန်းရွာမှာ တိုက်ပွဲလည်းမရှိ၊ တော်လှန်ရေး တပ် တွေ ဝင်ရောက်နေထိုင်တာမျိုးလည်း မရှိဘဲ စစ်တပ်ဘက်က ဇွန်လ ၇ရက်ထဲက ပစ်ခတ်နေပေမဲ့ သူတို့က အနီးအနားက ရွာတွေလိုပဲ ပစ်ခတ်သံကြားရင် ထွက်ပြေးလိုက် ၊ ငြိမ်သွားရင် ပြန်လာလိုက် လုပ်နေကြ တယ်လို့ ဒေသခံတစ်ဦးက New Day Myanmar ပြောပါတယ်။

အိမ်ခြေ သုံးရာကျော်ရှိတဲ့ ကူကုန်းရွာဟာ မနေ့က မီးရှို့မှုကြောင့် ရွာထဲက အိမ်ခြေ သုံးပုံတစ်ပုံ လောက် ပါသွားသလို မီးရှို့မှုကြောင့် အိမ်တွေ မီးလောင်ကျွမ်းပြီး ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အို နှစ်ဦး သေဆုံး ခဲ့ရပြီး သေဆုံးသူ နှစ်ဦးမှာ ဒေါ်ရွှေကြည်နဲ့ ဦးဘိုမွှေးတို့ ဖြစ်ကြပြီး သူတို့ရု့ပ်အလောင်းတွေကို တွေ့တဲ့အခါ တကိုယ်လုံး မည်းနက်နေပြီး ထွက်ပြေးနိုင်ခြင်းမရှိတဲ့အတွက် အရှင်လတ်လတ် မီးလောင်ခဲ့ တယ်လို့ ယူ ဆရတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ညနေအထိ အိမ်တွေကို ဖျက်ဆီးမွှေနှောက်ပြီး ရွာကို အခြေအနေ သွားပြန် ကြည့်တဲ့ လူငယ်သုံးဦးကိုပါ ဖမ်းဆီးသွားပါတယ်။ ဖမ်းခံရသူတွေက ကိုဝင်းခိုင် ၊ ကိုမောင်သင့်နဲ့ နောက် တစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ၃ ဦးစလုံးဟာ ကူကုန်းရွာသားတွေချည်းပဲ ဖြစ်ပြီး ဇွန်လ ၁၁ရက် မနက်ပိုင်းထိ ပြန်လည် လွတ်ပေးခြင်း မရှိကြောင်း သိရပါတယ်။ စစ်ကောင်စီဟာ ကူကုန်းရွာကို ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ပထမအကြိမ် ရွာကိုစီးနင်းပြီး အိမ်တွေ မီးရှို့ ခဲ့ဖူး ပါတယ်။

ပထမတစ်ကြိမ်ရွာကို စီးနင်းတဲ့အခါမှာတော့ ဆိုင်ကယ်တွေ ယူသွားတာ ၊ ရွှေထည်နဲ့ ငွေသား တွေ ယူဆောင်သွားတာ ရှိပေမဲ့ ခု ဒုတိယတကြိမ်မှာ ရွာထဲက လူကုန် ပြေးကြတာမို့ အပျက်အစီး အသေအ ပျောက်စာရင်း အတည်မပြုနိုင်သေးဘူး လို့ ဒေသခံတွေက ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read