၁၆ ဧပြီ ။၂၀၂၅
မြန်မာရဲတပ်ဖွဲ့ထံ ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ နည်းပညာ ရောင်းချပေးအပ်မှုကြောင့် အီးယူဥပ ဒေကို ချိုးဖောက်နိုင်ဖွယ်ရှိနေတဲ့ ပရက်ဂ်မြို့အခြေစိုက် ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ ကုမ္ပဏီ Compelson s.r.o. ကို စုံစမ်းစစ်ဆေးမှုတစ်ရပ် အမြန်ဆုံးလုပ်ဆောင်ပေးဖို့ ချက်နိုင်ငံအစိုးရအား Justice For Myanmar ကဒီနေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။
Compelson ကုမ္ပဏီအနေနဲ့ MOBILedit Forensic Pro software အတွက် လိုင်စင်များစွာကို မြန်မာရဲ တပ်ဖွဲ့ထံ ရောင်းချထားကြောင်း Justice For Myanmar ရရှိထားတဲ့ သက်သေ အထောက် အထား တွေအရ အတည်ပြုထားနိုင်တယ်လို့လည်း ဆိုထားပါတယ်။
MOBILedit Forensic Pro ဆော့ဝဲလ်ဟာ လုံခြုံရေးအကာအကွယ်တွေကို ဖြတ်ကျော်နိုင်ခြင်းနဲ့ လုံခြုံ သော ဆက်သွယ်ပြောဆိုမှုအပ်ပလီကေးရှင်းတွေက ဖျက်ထားပြီးတဲ့အချက်အလက်တွေကို ပြန်လည် ဖော်ယူနိုင်ခြင်းတို့အပါအဝင် ဖုန်းတွေက အချက်အလက်တွေကို ထုတ်ယူပေးနိုင်တယ်လို့လည်း JFM ဆိုထားပါတယ်။
အဆိုပါနည်းပညာမှာ မြန်မာစစ်အုပ်စု နဲ့ လက်အောက်ခံရဲတပ်ဖွဲ့တို့မှ ၄င်းတို့အတွက် အန္တရာယ်လို့ ယူဆထားသူတွေကို ပစ်မှတ်ထားခြင်း၊ စောင့်ကြည့်ထောက်လှမ်းခြင်း နဲ့ ဥပဒေမဲ့ဖမ်းဆီးခြင်းတွေ လုပ်ဆောင်ရာမှာ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးတယ်လို့လည်း ဆိုထားပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Compelson ကုမ္ပဏီက လက်ရှိဖြစ်ပွားနေတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာရဲတပ်ဖွဲ့ဆီ အစွမ်းထက်တဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာကို သိလျက်နဲ့ ရောင်းချပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ချက်နိုင်ငံအစိုးရအနေနဲ့ ချက်နိုင်ငံနဲ့ အီးယူဥပဒေတွေကို Compelson ကုမ္ပဏီက ချိုးဖောက်ခဲ့ခြင်း ရှိမရှိအပေါ် တင်းပြည့်ကျပ်ပြည့် စုံစမ်းစစ်ဆေးရမှာဖြစ်ပြီး၊ တာဝန်ခံမှုရှိစေရမှာ ဖြစ်ပါတယ်။
Compelson အနေနဲ့လည်း သူတို့ဆော့ဝဲလ်ကို မြန်မာစစ်အုပ်စုက နောက်ထပ်အသုံးပြု မရနိုင်ရေး အတွက် လုပ်နိုင်သမျှအဆင့်တိုင်းကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်”လို့ ပြောဆိုထားပါတယ်။
ချက်အစိုးရအနေနဲ့ Compelson ကုမ္ပဏီကို မြန်မာရဲတပ်ဖွဲ့ထံ ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာ နည်းပညာ ရောင်းချထောက်ပံ့ခြင်း နဲ့ ဝန်ဆောင်မှုပေးခြင်းအတွက် ချက်ဥပဒေ သို့မဟုတ် အီးယူဥပဒေ တို့ ကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိအပေါ် အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့နဲ့ Compelson အပေါ် ပို့ကုန် ထိန်းချုပ်ရေးများ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ကိုလည်း Justice For Myanmar က တောင်းဆိုထားပါတယ်။
ဓာတ်ပုံ -JFM