၁၀ ဧပြီ၊ ၂၀၂၅
အင်အားပြင်းငလျင်ဒဏ်ကြောင့် အင်းဝမြို့ဟောင်းက ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဇုန်ဟာ(၇၅)ရာခိုင်နှုန်း ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ငလျင်လှုပ်ခတ်မှုအပြီး မန္တလေးနဲ့အင်းဝဒေသတို့ရှိ ထိခိုက်ခဲ့တဲ့ရှေးဟောင်းအဆောက်အအုံတွေကို ကွင်းဆင်းတွေ့ရှိမှုအခြေအနေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ပြင်းအား ရစ်ချက်စတာစ ကေး ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးနဲ့ အင်းဝဒေသတို့ရှိ ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရတာဖြစ်ပါတယ်။
ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနအနေနဲ့ ယခင်ကအင်းဝရှေးဟောင်းသုတေသနဇုန်အတွင်း ဘုရား၊ စေတီ၊ အုတ်ကျောင်းများစွာရှိသည်ကို စာရင်းကောက်ယူခဲ့ပေမယ့် မျက်မြင်အနေအထားအရ နှစ်ထပ်စေတီမရှိခဲ့ဘူးလို့ အသိပေးထားပါတယ်။
ယခုအခါ ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုစာရင်းကို စနစ်တကျ ကောက်ယူရာမှာ ပြိုပျက်နေတဲ့စေတီများအတွင်းက မူလစေတီငယ်ကို ငုံပြီးတည်ထားတဲ့ နှစ်ထပ်စေတီတွေကိုသောတပန် ဘုရားအနီး အမှတ် ၉၃ စေတီတွင် (၁) ဆူ၊ ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် ၃၁၆ နဲ့၃၁၈မှာ(၂) ဆူ၊ အမှတ် ၂၁ ကြေးနီမုဌောမှာ (၁) ဆူ၊ မြသိန်းတန်ဘုရားအနီး ကိုစံငွေ ယာခင်းအနီးမှာ (၁) ဆူ၊ မင်္ဂလာရပ် ကျောဘက်ဦးထွန်းနိုင်ယာခင်းအနီး (၂) ဆူ၊ ရှင်ပင်ခရေသီး တွင် (၁)ဆူ၊ အနောက်ရိပ်သာဝင်းတွင် (၁)ဆူ၊ ပုလိပ်ဘုရားစု (၁)ဆူ၊ ကျောက်ဆည်မြို့၊ အင်ရောင်းဘုရားစုတွင် (၁)ဆူ၊ မန္တလေးမြို့၊ ကျောက်ဆည်မြို့နယ်၊ တောတွင်ရွာမှာ (၁)ဆူ၊ မန္တလေးမြို့၊ ဘုရားနီဘုရား (၁)ဆူ၊ စုစု ပေါင်း (၁၃)ဆူ ကိုစိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ထို့အပြင် သုံးထပ်လိုဏ်ဂူဘုရားများကို ပင်းယတွင် (၁)ဆူ၊ မြစ်ငယ်တွင် (၃)ဆူ၊ စာတိုး မြို့ပြင်ကြီးတွင် ၁ ဆူ စုစုပေါင်း ၃ ဆူကိုစိစစ်တွေ့ရှိရတယ်လို့ သိရပါတယ်။
ပဏာမ ကွင်းဆင်းစစ်ဆေးချက်အရ မန္တလေးမြို့၊ ၈၁ လမ်းပေါ် ၂၁ x ၂၂ အကြားရှိ ဘုရားနီ ဘုရားမှာ ငလျင်ဒဏ်ကြောင့် အပေါ်ယံအုတ်များကွာကျပြီးအတွင်းမှာ အင်းဝခေတ်နှောင်းပိုင်း ကတည်းက တည်ထားခဲ့တယ်လို့ ယူဆရတဲ့စေတီရှိပြီး စေတီကို အမရပူရခေတ်မှာ တစ်ကြိမ် ထပ်မံငုံပြီး တည်ထားသည်ကို တွေ့ရှိရတယ်လို့ စစ်ကောင်စီ ရှေး/သုကအသိပေးထားပါတယ် ။
အလားတူ အင်းဝဒေသမှာလည်း ပထမအင်းဝခေတ်က တည်ထားခဲ့တဲ့ဘုရား (၉)ဆူအနက် အချို့ ဘုရားတွေဟာညောင်ရမ်းခေတ်မှာ ဒုတိယအကြိမ်ငုံပြီးထပ်မံမွမ်းမံပြင်ဆင်ထားတာနဲ့ အချို့မှာပထမအင်းဝခေတ်နှောင်းပိုင်းမှာပင် ထပ်မံငုံပြီး မွမ်းမံပြင်ဆင်ထားတာကို ကနဦးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။