၂၄ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်ကောင်စီအနေနဲ့ လျှပ်စစ်မီးလုံလောက်စွာမပေးနိုင်တာကြောင့် EV တွေကို ဈေးလျှော့ရောင်းနေရတယ်လို့ ကားဝယ်/ရောင်းလုပ်ကိုင်သူတွေထံကနေ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီအနေနဲ့ EV ကားတင်သွင်းခွင့်ကို အလှည့်ကျစနစ်ဖြင့် လိုင်စင်ထုတ်ပေးနေတာဖြစ်ပြီး ဝယ်လိုအားနှင့်ရောင်းလိုအားမမျှဘူးလို့ဆိုပါတယ်။
“EV ကားဈေးကွက်ကတော့ထိုက်သင့်တဲ့ဈေးထက်ချရောင်းနေရတယ်။ EV အတွက် လုံလောက်တဲ့ အခြေခံအဆောက်အအုံရှိရမယ်။ လျှပ်စစ်မီးတွေလုံလောက်အောင်ပေးရမယ်။ လက်ရှိမှာတောင် လျှပ်စစ်မီးက အိမ်သုံးစွဲဖို့တောင် ခွဲဝေသုံးစွဲနေရတာဆိုတော့ EV ကားအတွက် နည်းနည်းလေးအခက်အခဲရှိလာတယ်။ EV ကားလိုင်စင်တွေက အလှည့်ကျစနစ်နဲ့ ကျလာတဲ့ ဒီထဲကိုအသွင်းပဲရှိတယ်။ ပြန်ရောင်းတဲ့အခါကျတော့ ဈေးဆွဲတင်လို့မရဘူး။ပုံမှန်ထက် လျှော့ရောင်းနေရတယ်” လို့ ကားဝယ်ရောင်းလုပ်သူတစ်ဦးက ပြောပါတယ်။
“လျှပ်စစ်ကားတွေကို အိမ်မှာသွင်းတာကလည်း ဘက်ထရီHealth ကျပါတယ်။၈၀ ထိပဲ သွင်းလို့ရတယ် ၊ station ကျတော့လည်း တန်းစီရတာနဲ့ အချိန်ပေးရတာနဲ့ဆိုတော့မသွားဖြစ်ဘူး” လို့ EV ကားကို လက်ရှိသုံးစွဲနေသူတစ်ဦးက New Day Myanmar ကို ပြောဆိုပါတယ်။
EV ကားတွေကို ဈေးကွက်မှာ တွင်တွင်ကျယ်ကျယ် သုံးစွဲစေဖို့ ရန်ကုန် – မော်လမြိုင်ကို EV Taxi ပြေးဆွဲနေပြီး လမ်းတလျှောက်က ဓာတ်အားသွင်းတဲ့နေရာတွေကတော့ မီးရရှိနေတယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားအပါအဝင် EV တင်သွင်းခွင့် ရရှိထားတဲ့ ကုမ္ပဏီ ၈၀ ကျော် ရှိပြီးကုမ္ပဏီ ၁ ခုကို တစ်နှစ်လျှင် အစီးရေ ၅၀၀ နှုန်း တင်သွင်းခွင့်ရှိတာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်း BYD, Toyota, Honda, MG, Nissan, Riddara , Geely စတဲ့ EV ကား အမျိုးအစားများစွာ ဝင်ရောက်ထားပြီး အမျိုးအစားနှင့် မော်ဒယ်ပေါ်မူတည်ပြီး အနိမ့်ဆုံး ကျပ်သိန်း ၆၀၀ ကျော်မှ ကျပ်သိန်း ၂၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ