၃ ဖေဖော်ဝါရီ၊ ၂၀၂၅
ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အားပေးထားတဲ့ နေရာ ၅ ခုကို လျှပ်စစ်မီး ဖြတ်တောက်ဖို့အတွက် ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ (NSC) က ဦးဆောင်ပြီး ဖေဖော်ဝါရီ ၃ ရက် ဒီနေ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒီနေ့အစည်းအဝေးမှာ နယ်စပ်ဒေသကို လျှပ်စစ်မီး ဖြတ်တောက်ဖို့နဲ့ ကျားဖြန့်လုပ်ငန်း၊ လူကုန်ကူးလုပ်ငန်းတွေနဲ့ပတ်သတ်တဲ့ အချက်အလက်ကိုပါ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ NSC အထွေထွေ အတွင်းရေးမှူးချုပ် Chatchai Bangchuad က ပြောဆိုထားပါတယ်။
ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဖြစ်တဲ့ Provincial Electricity Authority (PEA) က တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းက ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သတ်တဲ့ တရားမဝင်လုပ်ငန်းတွေကို လျှပ်စစ်မီးရောင်းချနေတဲ့အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးက ထိုင်းအမျိုးသားကောင်စီကို စာပေးပို့ပြီး အချက်အလက်ရှာဖွေဖို့နဲံ့ ဖြတ်တောက်ဖို့ တောင်းဆိုထားပါတယ်။ NSC ကတော့ PEA ရဲ့လုပ်ငန်းစဉ်တွေအရ အချက်အလက်ခိုင်မာအောင် စုစည်းပြီးမှ ဖြတ်တောက်ဖို့ ဆုံးဖြတ်မယ်လို့ တုံ့ပြန်ထားပြီး ဒီနေ့အစည်းအဝေးမှာ လျှပ်စစ်မီးကိစ္စအတွက် ဆွေးနွေးကြတာ ဖြစ်ပါတယ်။
PEA က မြန်မာနိုင်ငံက ကရင်ပြည်နယ် မြဝတီမြို့မှာ နှစ်နေရာ၊ ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ နှစ်နေရာနဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တို့မှာ တစ်နေရာ၊ စုစုပေါင်း ငါးနေရာကို လျှပ်စစ်ဓာတ်အား ရောင်းချနေတာ ဖြစ်ပါတယ်။
ပုံစာ – ထိုင်းနိုင်ငံက လျှပ်စစ်မီးတွေနဲ့ ရွှေကုက္ကိုညမြင်ကွင်း
ဓာတ်ပုံ – Mileday 365