၂၄ ဇန်နဝါရီ၊ ၂၀၂၅
မြန်မာနိုင်ငံအတွင်းက ပုသိမ်မြို့နယ်အပါအဝင် ဧရာဝတီတိုင်းက မြို့နယ်ခုနစ်မြို့နယ်ကို ခရီးသွားလာမှု သတိထားဖို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယ ဖွံ့ဖြိုးရေးဌာန (FCDO) က ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ မန္တလေးတိုင်းမြောက်ပိုင်းနဲ့ ပဲခူးတိုင်းအတွင်း ရန်ကုန်- မန္တလေး အမြန်လမ်းတို့ကို ခရီးမသွားသင့်တဲ့ နေရာတွေ အဖြစ် FCDO က သတိပေးထားတာပါ။
ရခိုင်ပြည်နယ်နဲ့ နယ်မြေထိစပ်နေတဲ့ ဧရာဝတီတိုင်းက ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းနဲ့ ပုသိမ်မြို့နယ်တွေကို ခရီးသွားသတိပေးချက် FCDO က ထုတ်ပြန်ထားတာပါ။
ခရီးသွားလာတဲ့အခါ မဖြစ်မနေကလွဲပြီး မသွားသင့်တဲ့နေရာတွေအဖြစ် ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတို့ကို ကနဦး သတိပေးချက်ထုတ်ပြန်ထားရာကနေ အခု ဧရာ၀တီတိုင်းက မြို့နယ် ခုနစ်မြို့နယ်ကိုပါ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တနင်္သာရီတိုင်း စစ်ဌာနဗျူဟာ ၃၅ ကလည်း အများပြည်သူတွေအနေနဲ့ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းကို အသုံးပြုပြီး ခရီးသွားလာတာတွေမလုပ်ဖို့ ဖန်နဝါရီလ ၂၃ ရက်နေ့ ထုတ်ပြန်အသိပေးထားပါတယ်။
တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မဟာမိတ်တော်လှန်ရေး တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ရေးသားထားပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့နေရာတိုင်းမှာ အရပ်သားတွေကို ဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ အရပ်သား တွေကို အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားတာတွေ ဆောင်ရွက်နေသလို အရပ်သားနေအိမ်တွေကို မီးရှို့ဖျက် ဆီးနေတယ်လို့လည်း မြေပြင်သတင်းတွေအရ သိရပါတယ်။