Homeပြည်တွင်းသတင်းလှေလုပ်သား ၄​ယောက် မလွတ်သေးတဲ့အတွက် စိတ်ပျက်မိကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ထုတ်ပြော

လှေလုပ်သား ၄​ယောက် မလွတ်သေးတဲ့အတွက် စိတ်ပျက်မိကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ထုတ်ပြော

၇ ဇန်နဝါရီ၊ ၂၀၂၅

မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထိုင်းငါးဖမ်းလှေလုပ်သားတွေကို လွတ်လပ်ရေးနေ့ကလည်း ပြန်မလွှတ်ပေးသေးတဲ့အတွက် စိတ်ပျက်မိကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဖုန်သမ်ဝီချေချိုင်းက ထုတ်ပြောသွားတယ်လို့ ထိုင်းသတင်းဌာန ဘန်ကောက်ပို့စ်က ရေးသားဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၃၀ရက် ညပိုင်းက မြန်မာ့ရေပိုင်နက်ထဲကို ဝင်ရောက်မှုနဲ့ မြန်မာစစ်တပ်က ပစ်ခတ်ဖမ်းဆီးခံထားရတဲ့ ထိုင်းငါးဖမ်းစက်လှေလုပ်သား ၄ ဦး လွတ်မြောက်ရေးအတွက် ထိုင်းဝန်ကြီးချုပ်အပါအဝင် ကာကွယ်ရေးဝန်ကြီးနဲ့နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားပေမယ့် မြန်မာစစ်ကောင်စီဘက်က ပြန်မလွှတ်သေးတာ ဖြစ်ပါတယ်။

အသက် ၆၁ မှ ၆၉ ကြားရှိနေပြီဖြစ်တဲ့ ဒီလှေလုပ်သား ၄ ဦးကို ဒီဇင်ဘာလအစောပိုင်းမှာ လွတ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးမှ အထက်အမိန့်အရ ဆက်ပြီး ချုပ်ထားပြီးတာဖြစ်ပါတယ်။ သူတို့ကို စစ်ကောင်စီက တိုင်းပြည်ထဲ မတရားဝင်ရောက်မှုနဲ့ အမှုဖွင့်ပြီး ထောင်ဒဏ် ၄နှစ်က ၆ နှစ်ကြား အမိန့်ချမှတ်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်မှာ သူတို့ ၄ ဦးကို ပြည်နှင်ဒဏ်နဲ့အတူ ပြန်လည်လွတ်မြောက်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မလွတ်မြောက်လာဘဲ ဆက်ပြီး ဖမ်းဆီးခံထားရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့တွေ လွတ်မြောက်ဖို့ကိစ္စနဲ့ပတ်သတ်ပြီး ဆက်ပြီး အာရုံစိုက် အားထုတ်ကြိုးပမ်းနေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောဆိုအတည်ပြုထားပါတယ်။ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေဟာ ကော့သောင်းမှာ ဒီ ၄ ယောက်နဲ့ တွေ့ဆုံထားပြီး ကျန်းမာရေးကောင်းမွန် အဆင်ပြေတယ်လို့လည်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။

လွတ်လပ်ရေးနေ့က လွတ်မြောက်လာတဲ့ ပြည်ပနိုင်ငံသား ၁၈၀ ထဲမှာ တာချီလိတ်မြို့မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့အတွက် အဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား ၁၅၁ ဦးပါဝင်ပြီး လှေလုပ်သား ၄ ဦးကိုတော့ မလွှတ်ပေးဘဲ စစ်ကောင်စီက ချန်လှပ်ထားတာ ဖြစ်ပါတယ်။

ပုံစာ – လှေလုပ်သားတွေ မလွတ်မြောက်သေးကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Nikorndej Balankura ‌ကြေညာစဉ်

ဓာတ်ပုံ – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read