၁၃ ဒီဇင်ဘာ၊၂၀၂၄
မတရားစစ်မှုထမ်းစုဆောင်းခံရသူတွေအနေနဲ့ စစ်မှုမထမ်းလိုဘဲ ပြည်သူ့ရင်ခွင်ခိုလှုံချင်သူတွေအတွက် ကူညီပေးသွားမယ်လို့ ပြည်သူ့ရင်ခွင် (People’s Embrace) ဒီဇင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန် အသိပေး ထားပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တကျော့ပြန် အကြမ်းဖက်စစ်မှုထမ်း အရှိန်မြှင့်တင်လာမှုနဲ့အတူ နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီက လူငယ်တွေကို ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ မြင့်တက်လျှက်ရှိနေတယ်လို့ ဆိုပါတယ်။
မတရားစစ်မှုထမ်းစုဆောင်းခံရသူတွေအနက် ပြည်သူ့ရင်ခွင်ကို လာရောက်ဆက်သွယ် အကူအညီ တောင်းခံမှုတွေကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ EROs တွေနဲ့ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ခေါ်ထုတ်ကယ်ဆယ်ခဲ့တဲ့ မတရားစစ်မှုထမ်း စုဆောင်းခံရသူတွေထဲမှာ အသက်မပြည့်တဲ့ ကလေးသူငယ်တွေထိ ပါဝင်နေတာကို စိတ်ထိခိုက်ဖွယ် တွေ့ရှိရတယ်လို့ ပြည်သူ့ရင်ခွင်ရဲ့ ထုတ်ပြန်မှုမှာ ပါရှိပါတယ်။
ထို့ကြောင့် ပြည်သူ့ရင်ခွင်အနေနဲ့ မတရားစစ်မှုထမ်းစုဆောင်းခံရသူတွေမှ ကိုယ်တိုင်ဖြစ်စေ၊ မိသားစု ဝင်တွေမှ တစ်ဆင့် ဖြစ်စေ၊ ရင်းနှီးသူမိတ်ဆွေတွေမှ တစ်ဆင့်ဖြစ်စေ ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ်တိုင်ပင်နိုင် ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ဖြင့်/ လက်နက်မဲ့ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမှာဖြစ်တယ်လို့ အသိးပေးထားပါတယ်။
Photo-ပြည်သူ့ရင်ခွင်