၅ ဒီဇင်ဘာ၊ ၂၀၂၄
Amazon ပိုင်ရှင် ဘီလျံနာသူဌေး Jeff Bezos ပိုင်ဆိုင်တဲ့ Koru ဇိမ်ခံရွက်လှေကို ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာ့ကျွန်းသစ်တွေနဲ့ တည်ဆောက်ထားတဲ့အတွက် တည်ဆောက်တဲ့ Oceanco ကုမ္ပဏီကို နယ်သာလန်အစိုးရက ဒဏ်ကြေးငွေ ယူရို တစ်သိန်းခွဲ ချမှတ်ထားတယ်လို့ သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) က ဒီဇင်ဘာလ ၃ ရက်က သတင်းထုတ်ပြန်ပါတယ်။
Bezos ဟာ နယ်သာလန်နိုင်ငံမှာ Koru လို့ အမည်ပေးထားတဲ့ ရွက်လှေတည်ဆောက်ဖို့ Oceanco ကုမ္ပဏီကို ၂၀၁၉ ခုနှစ်မှာ တာဝန်ပေးခဲ့တာပါ။ ဒီရွက်လှေဟာ ဒေါ်လာ သန်းငါးရာနီးပါး အကုန်အကျခံ တည်ဆောက်ထားပြီး ကမ္ဘာ့တန်ဖိုး အများဆုံး ရွက်လှေတွေထဲက တစ်စီး ဖြစ်တယ်လို့ ဆိုပါတယ်။
EIAက သစ်တောရေးရာတာဝန်ရှိသူ Faith Doherty က ဒီအရေးယူမှုဟာ ဥရောပဈေးကွက်က မြန်မာ့ကျွန်းသစ်တွေကို တရားမဝင်သုံးစွဲနေတဲ့သူတွေအတွက် သတိပေးချက်ဖြစ်တယ်လို့ဆိုပါတယ်။ “နောက်ဆုံးမှာတော့ ပိတ်ဆို့တဲ့ဥပဒေက အကောင်အထည် ပေါ်ပါပြီ။ မြန်မာနိုင်ငံရဲ့ သွေးစွန်းကျွန်းသစ်တွေကို ဝယ်ယူသုံးစွဲလို့ ဘာအကျိုးဆက်မှ မရှိဘူးလို့ ယူဆနေသူတွေကို သတိပေးလိုက်တာပဲ ဖြစ်ပါတယ်”လို့ သူမက ပြောဆိုလိုက်ပါတယ်။
ဒတ်ခ်ျ ရွက်လှေတည်ဆောက်ရေးကုမ္ပဏီ Oceanco ကတော့ တားမြစ်မှုကို လိုက်နာဖို့ ပျက်ကွက်ကြောင်း ဝန်ခံခဲ့ပြီး ယူရို တစ်သိန်းခွဲနဲ့ အမှုကို ဖြေရှင်းဖို့ သဘောတူခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အလားတူ ပြစ်မှုအတွက် ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံးဇိမ်ခံရွက်လှေ တည်ဆောက်တဲ့ ကုမ္ပဏီ Sunseeker International ကို ဗြိတိန်တရားရုံးက ပေါင် သုံးသိန်းခွဲကျော် ဒဏ်ကြေးငွေချမှတ်ခဲ့တယ်လို့ EIA က ဖော်ပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ မြန်မာ့သစ်လုပ်ငန်း (MTE) ကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားပြီး MTE ရဲ့ သစ်တွေကို နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချပြီး ကျွန်းသစ်ကနေ နည်းမျိုးစုံနဲ့ ဝင်ငွေရနေတာက စစ်အစိုးရကို အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။
ပုံစာ – Jeff Bezos ရဲ့ Koru ရွက်လှေ
Photo – EIA