၂၁ နိုဝင်ဘာ၊ ၂၀၂၄
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်လို့ မြန်မာစစ်ကောင်စီကို နိုဝင်ဘာလ ၂၀ရက်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ကုလအဖွဲ့ဝင်နိုင်ငံအနည်းငယ်က စစ်ကောင်စီကို အရေးယူဖို့ နှောင့်နှေးစေကြောင်းပြောဆိုသွားပါတယ်။
ယူကေက ဦးဆောင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲမတိုင်ခင်က သတင်းထောက်တွေနဲ့ တွေ့ဆုံတုန်းမှာ သံအမတ်ကြီးက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကနေ အောက်တိုဘာလအထိ ၃ လတာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှာတွေဟာ အာဏာသိမ်းကာလမှာ အမြင့်ဆုံး အဆိုးရွားဆုံးအခြေအနေရောက်နေပြီလို့လည်း သူမက ပြောဆိုသွားပါတယ်။
စစ်ကောင်စီဟာ မနှစ်ကစပြီး ပိုပြီးပြင်းအားကောင်းတဲ့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းတွေ၊ အမြောက်ကျည်တွေ ပိုသုံးပြီး တိုက်ခိုက်လာတယ်၊ ဒါ့အပြင် မြန်မာပြည်လူဦးရေ သုံးပုံတစ်ပုံကျော်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာက ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းတစ်ရပ် တင်သွင်းပေမယ့် ကုလအဖွဲ့ဝင်နိုင်ငံတချို့က ပိတ်ပင်တားဆီးနေတဲ့အတွက် မြန်မာစစ်ကောင်စီကို အရေးယူဖို့ နှောင့်နှေးစေတယ်လို့ ဆိုပါတယ်။ ဘယ်နိုင်ငံတွေ ဖြစ်တယ်ဆိုတာကို သံအမတ်ကြီးက ထည့်သွင်းပြောဆိုခြင်းမရှိပေမယ့် ဗီတိုအာဏာရထားတဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံထဲမှာ စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ တရုတ်နဲ့ရုရှားပါဝင်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာစစ်တပ်ဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေဆဲဖြစ်ပြီး၊ ရွာတွေကို မီးရှို့တာ၊ အရပ်သားတွေကိုပါမချန် ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေကို အစုအပြုံလိုက်သတ်ဖြတ်တာ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်တာ၊ အဓမ္မစစ်သားစုဆောင်းတာတွေအပါအဝင် မကြုံဖူးတဲ့ ဒုက္ခတွေကို မြန်မာပြည်သူတွေ အကြီးအကျယ်ခံစားနေရတယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတကာအသိုင်းအဝိုင်းတချို့ရဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ ပံ့ပိုးပေးမှုကြောင့် ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တာဖြစ်တယ်လို့ဦးကျော်မိုးထွန်းက ပြောဆိုပြီး ဒီတံခါးပိတ်ဆွေးနွေးပွဲကနေ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်တွေ ဖော်ဆောင်ပေးနိုင်ဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။
Photo – UNTV