၆ နိုဝင်ဘာ၊၂၀၂၄
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက်အထိ တစ်နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီး ၇၁ ဦး သေဆုံးခဲ့ပြီး ၄၄ ဦး ဒဏ်ရာရခဲ့တဲ့အပြင် ၁၂ ဦးက ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU)က နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူအမျိုးအမီးတွေဟာ လေကြောင်းတိုက်ခိုက်ခံရတာ၊ လက်နက်ကြီးပစ်ခတ်ခံရတာ၊ သတ်ဖြတ်ခံရတာ၊ ဒရုန်းဗုံးကြဲချခံရတာ၊ ပစ်သတ်ခံရတာ၊ မြေမြှုပ်မိုင်းနင်းမိတာ၊ တိုက်ပွဲကြားကျည်ထိမှန်တာ၊ မီးရှို့သတ် ဖြတ်ခံရ တာနဲ့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ စတာတွေကြောင့် သေဆုံး ဒဏ်ရာရ ခဲ့တာ ဖြစ်တယ်လို့ BWU က ဆိုပါတယ်။
အများစုမှာ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စတဲ့ ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတွေ ဖြစ်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။
အဆိုပါ အချက်အလက်တွေဟာ ယုံကြည်စိတ်ချရတဲ့ ဒေသတွင်းက သတင်းဌာနတွေရဲ့ စားရင်းကိုသာ ကိုးကားစုစည်းထားတာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုပြီးများနိုင်တယ်လို့ BWU က ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ နိုင်ငံတဝန်း အမျိုးသမီး(၅၇၂၉) ဦး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။
Photo – BWU