၃၁ အောက်တိုဘာ၊ ၂၀၂၄
သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ် ကင်းလွတ်နေတဲ့ အဆိုးဝါးဆုံး နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အဆင့် ၁၀ သတ်မှတ် ခံရပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ၂၀၂၄ ခုနှစ် ညွှန်းကိန်းအစီရင်ခံစာကို အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒီစာရင်းမှာ မြန်မာနိုင်ငံ ဟာ အဆိုးဝါးဆုံး ဆယ်နိုင်ငံမှာ ပါဝင်နေပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်း လွတ်နေတဲ့ အဆိုးဝါးဆုံး နိုင်ငံစာရင်းမှာ ပထမဆုံး ပါဝင်ခဲ့ပြီး အဆင့် ၁၁ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ အဆင့် ၉ နေရာကို ရခဲ့ပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာတော့ အဆင့် ၁၀ အဖြစ် သတ်မှတ်ခံရပါတယ်။
၂၀၂၄ ခုနှစ်မှာ မြန်မာသတင်းသမားသုံးဦး ထပ်ပြီး သတ်ဖြတ်ခံခဲ့ရပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ အတွင်း သတ်ဖြတ်ခံရတဲ့ သတင်းသမား ရှစ်ဦးအထိရှိလာပြီလို့ CPJ က ရေးသားပါတယ်။
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၇၆ ဦးထိ ဖမ်းဆီးခံခဲ့ရပါတယ်။ သတင်းသမား ၅၂ ဦးဟာ အခုထိ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရပါတယ်။
Photo – Screengrab from CPJ