Homeပြည်တွင်းသတင်းသိန္နီမြို့၊ နောင်ချိုမြို့နဲ့ KIA တပ်မဟာ၁၀ နယ်မြေကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ၊ အဆောက်အအုံပျက်စီးမှုများပြီး လူသေဆုံးထိခိုက်မှုများနိုင်

သိန္နီမြို့၊ နောင်ချိုမြို့နဲ့ KIA တပ်မဟာ၁၀ နယ်မြေကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ၊ အဆောက်အအုံပျက်စီးမှုများပြီး လူသေဆုံးထိခိုက်မှုများနိုင်

၂၈ အောက်တိုဘာ၊ ၂၀၂၄

အောက်တိုဘာ ၂၇ ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA ထိန်းချုပ်နယ်မြေ သိန္နီမြို့၊ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ KIA တပ်မဟာ ၁ တပ်ရင်း ၂ အပိုင်ထဲမှာရှိတဲ့ ပြိန်းလုံရွာတို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

အောက်တိုဘာလ ၂၇ ရက် ည ၉ နာရီ ၅၀ မိနစ်နဲ့ ည ၉ နာရီ ၅၃ မိနစ်အချိန်တွေမှာ စစ်ကောင်စီလေတပ်က သိန္နီမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သိန္နီ မြို့ က KBC ခရစ်ယာန် ဘုရားကျောင်း၊ အမှတ် ၃ ရပ်ကွက်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ လူနေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဘုရားကျောင်း၊ ထွေ/အုပ်ရုံးနဲ့ လူနေအိမ်တွေ ပျက်စီးတာကို အတည်ပြုပြီး လူထိခိုက်မှု ရှိမရှိဆက်ပြီး စုံစမ်းနေတယ်လို့ ရှမ်းမြောက်ဒေသခံတစ်ဦးက ဆိုပါတယ်။

အောက်တိုဘာ ၂၇ ရက် ည၇ နာရီခွဲဝန်းကျင်မှာ နောင်ချိုမြို့နယ်၊ သပြေရေရပ်ကွက်နဲ့ တခြားလူနေအိမ်တွေကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲချပြီး လူထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။ နောင်ချို သပြေရေရပ်ကွက်ကို ပထမတကြိမ် ဗုံး ၂ လုံးတွဲနဲ့ ဒုတိယတကြိမ်မှာ ဗုံး ၈ လုံးတွဲ ကျဲချခဲ့တယ်လို့ ဆိုပါတယ်။ လူနေရပ်ကွက်တွေထဲ ကျတဲ့အတွက် လူသေဆုံးထိခိုက်မှုများနိုင်ပြီး အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အောက်တိုဘာ ၂၈ မနက် ၂ နာရီခွဲဝန်းကျင်က KIA တပ်မဟာ(၁၀) တပ်ရင်း(၂) နယ်မြေထဲမှာ ရှိတဲ့ ပြိန်းလုံကျေးရွာအနီး ရေပူစမ်းနေရာမှာလည်း စစ်ကောင်စီလေတပ်က ဂျက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ၁၀၂၇ နှစ်ပတ်လည်အဖြစ် လောက်ကိုင်နဲ့ နမ့်ခမ်းမြို့တွေကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ လောက်ကိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူ ၄ ဦးထိခိုက်ဒဏ်ရာရပြီး ဟိုတယ်နဲ့လူနေအိမ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ပုံစာ – စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ သိန္နီမြို့က KBC ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို မြင်တွေ့ရစဉ်

Photo – T Awng

ဆက်စပ် သတင်းများ

Most read