Homeပြည်တွင်းသတင်းမင်းတပ်မြို့ကို စစ်ကောင်စီလေတပ် တစ်နာရီအတွင်း လေကြောင်းက ဗုံးသီးအလုံး ၇၀ ကြဲချ

မင်းတပ်မြို့ကို စစ်ကောင်စီလေတပ် တစ်နာရီအတွင်း လေကြောင်းက ဗုံးသီးအလုံး ၇၀ ကြဲချ

၂၇ အောက်တိုဘာ၊ ၂၀၂၄

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို အောက်တိုဘာ ၂၆ ရက်က စစ်ကောင်စီက ဗုံးသီး အလုံး ၇၀ ဝန်းကျင်ကြဲချတိုက်ခိုက်တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

စစ်ကောင်စီ လေတပ်က အောက်တိုဘာ ၂၆ ရက် နေ့လည် ၁၂ နာရီ ၂၀ မိနစ်က ၁ နာရီ ၁၀မိနစ်အထိ အချိန်အတွင်း မင်းတပ်မြို့ကို Y 12လေယာဉ်နဲ့ ဗုံးသီး ၇၀ ဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့်ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“မင်းတပ်ဟာ စစ်ကောင်စီကို အစောဆုံးတော်လှန်ပြီး အစောဆုံး မာရှယ်လောထုတ်ခံရ၊ အစောဆုံး ဖုန်းလိုင်းဖြတ်ခံရတဲ့မြို့ပါ” လို့ မင်းတပ်ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

မင်းတပ်မြို့ဟာ စစ်ကောင်စီကို ၂၀၂၁ ဧပြီ ၂၄မှာ စတင်တော်လှန်ခဲ့ပြီး စစ်ကောင်စီကို အစောဆုံးတော်လှန်တဲ့မြို့ဖြစ်ပါတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း‌တွေကို ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲက စစ်ကောင်စီက ဖြတ်တောက်ထားတာပါ။

စက်တင်ဘာလ ၂၉ ရက်မှာ ထုတ်ပြန်တဲ့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနစ် ဩဂုတ်နဲ့ စက်တင်ဘာလ နှစ်လတာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၄၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ကောက်ယူထားတဲ့စာရင်းတွေအရ မင်းတပ်မြို့နယ်မှာ ၂ဝ၂၂ ခုနှစ် ဇူလိုင်ကနေ ၂ဝ၂၄ ဇူလိုင်လအထိ နှစ်နှစ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၂ ဦး သေဆုံးပြီး ၇၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – မင်းတပ်မြို့ကို လာရောက်ဗုံးကြဲတဲ့ Y12 ကို မြင်ရစဉ်

Photo – HKL Mindat လူမှုကွန်ယက်မှ

ဆက်စပ် သတင်းများ

Most read