Homeပြည်တွင်းသတင်းလားရှိုးမြို့ကို တစ်ရက်တည်း ဗုံး ၅ ကြိမ်ကြဲပြီး တိုက်ခိုက်

လားရှိုးမြို့ကို တစ်ရက်တည်း ဗုံး ၅ ကြိမ်ကြဲပြီး တိုက်ခိုက်

၂၅ အောက်တိုဘာ၊ ၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့နေ့လည်မှာ စစ်ကောင်စီလေတပ်က ဗုံး ၅ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။

MNDAA တပ်တွေ သိမ်းပိုက်ထားတဲ့လားရှိုးမြို့ကို အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်း ၁ နာရီကနေ ၁ နာရီ ၄၅ မိနစ် အတွင်း ငါးကြိမ်တိုင်တိုင်ဗုံးကြဲချခဲ့တာဖြစ်ပြီး လေးကြိမ်ဟာ လားရှိုးမြို့အဝင်ဝက မယ်ဟန်ကျေးရွာ ဘက်ကို ကြဲခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီလေယာဉ်တွေဟာ ဗုံးကြဲချပြီးနောက် နာရီအတော်ကြာအောင် ကောင်းကင်မှာ ပျံဝဲနေတဲ့အတွက် ဒေသခံတွေဟာ ပုန်းအောင်းနေရတယ်လို့ ဆိုပါတယ်။ ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တန့်ရွှီကျွင်းက ခေါ်တွေ့ခဲ့ပြီးပေမယ့် စစ်ကောင်စီက ဆက်လက်ပြီး လားရှိုးမြို့ကို လေကြောင်းက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မယ်ဟန်ကျေးရွာမှာ ကွန်ပျူတာ တက္ကသိုလ်လည်း ရှိပြီး အောက်တိုဘာလ ၅ ရက်က ကွန်ပျူတာ တက္ကသိုလ်နဲ့ အနီးတဝိုက်လူနေအိမ်တွေကို စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်မှာလည်း မယ်ဟန်ရွာက ရိုးရာဆန်အရက်ချက်စက်ရုံကို ဗုံးကြဲပြီး နေ့လည်ပိုင်းမှာ လားရှိုးမြို့ပေါ်က အမှတ်၁ ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အမှတ် ၁ ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူတွေ ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်မှာလည်း ရပ်ကွက် ၁၂ က လူနေအိမ်တွေကို ညသန်းခေါင် ၁၂ နာရီ ၂၀မိနစ်မှာ ဗုံးကြဲ တိုက်ခိုက်တဲ့အတွက် ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ၄ ရက်အတွင်း ဗုံး ၈ ကြိမ် ကြဲချတိုက်ခိုက် တာကြောင့် ပြည်သူ ၄ ဦးထက်မနည်း ဒဏ်ရာရပြီး လူနေအိမ်အဆောက်အအုံတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေ အလုံး ၂၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ပုံစာ – အောက်တိုဘာလ အတွင်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့လားရှိုးမြို့မြင်ကွင်းများ(ပုံဟောင်း)

Photo – Citizen

ဆက်စပ် သတင်းများ

Most read