၂၂ အောက်တိုဘာ၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ညသန်းခေါင်မှာ စစ်ကောင်စီ လေတပ်က ဗုံးကြဲချတဲ့အတွက် ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အောက်တိုဘာ ၂၂ ရက်၊ မနက် ၀:၂၀ အချိန်မှာ စစ်ကောင်စီ လေတပ်က လားရှိုးမြို့ ရပ်ကွက် ၁၂ လူနေအိမ်တွေကို ဗုံးကြဲချခဲ့တာ ဖြစ်ပါတယ်။ လူနေအိမ် ၃ ဦး ပျက်စီးပြီး လူ ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ရမခကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးထဲက အကြမ်းဖက်စစ်ကောင်စီဟာ လားရှိုး၊ သိန္ဒီ၊ နောင်ချို၊ နမ့်ဆန် စတဲ့ TNLA နဲ့ MNDAA သိမ်းပိုက်နယ်မြေထဲက လူနေအိမ်၊ ရုံး၊ အားကစားကွင်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ ရှမ်းပြည်နယ်မှာ ၃၇ ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၂၈ ကြိမ်၊ တခြားဒေသတွေမှာ ၁၅၃ ကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလ တစ်လအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးရတဲ့ လူနေအိမ် ၃၃၇ လုံး၊ စာသင်ကျောင်း ၁၀ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၂၃ လုံး၊ ကျန်းမာရေးအဆောက်အအုံ ၁ လုံး၊ သေဆုံးသူ ၂၃၃ ဦး နဲ့ ထိခိုက်ဒဏာ်ရာရရှိသူ ၄၄၇ ဦး ရှိတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မှတ်တမ်းတင်ထားတဲ့စာရင်းတွေအရ သိရပါတယ်။
ပုံစာ – ညသန်းခေါင်ယံ ဗုံးကြဲတိုက်ခိုက်ခံရပြီး ပျက်စီးသွားသော လူနေအိမ်များ
Photo – Citezen