Homeပြည်တွင်းသတင်းရခိုင်-မြန်မာ တေးသံရှင် ဆုမြတ်ထက် မရမ်းကုန်း စစ်ကြောရေးတွင် စစ်ဆေးခံနေရ

ရခိုင်-မြန်မာ တေးသံရှင် ဆုမြတ်ထက် မရမ်းကုန်း စစ်ကြောရေးတွင် စစ်ဆေးခံနေရ

၁၁ အောက်တိုဘာ၊၂၀၂၄

မကြာသေးခင်က အကြမ်းဖက်မှု ဥပဒေနဲ့ အမှုဖွင့်ခံ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရခိုင်-မြန်မာ တေးသံရှင် ဆုမြတ်ထက်ကို မရမ်းကုန်း စစ်ကြောရေးကို ပို့ဆောင် စစ်ဆေးနေပြီဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ မှာဖော်ပြလာမှုအရ သိရပါတယ်။

မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်မှာ အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီ အချိန်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က လာရောက်ဖမ်းဆီးခဲ့ပြီး မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးမှာ စစ်ဆေးခံနေရတယ်လို့ မိသားစုနှင့် နီးစပ်သူတစ်ဦးရဲ့ ပြောဆိုမှုအရ သိရပါတယ်။

မဆုမြတ်ထက်မှာ ပြည်ပရှိအဖွဲ့တစ်ခုရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်အကောင့်တွင် Admin ဖြစ်နေခြင်း၊ ယင်းလူမှုကွန်ရက်အကောင့်မှ ဆုမြတ်ထက်ထံသို့ ငွေကျပ် သိန်း ၄၅၀၀ လွှဲထားခြင်း၊ အကြမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက အမှုဖွင့်လှစ်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

မဆုမြတ်ထက်ကို ဖမ်းဆီးချိန်တွင် တူမဖြစ်သူကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီး နောက်တစ်နေ့ အောက်တိုဘာလ ၈ ရက် နေ့လယ်ပိုင်းတွင် တူမဖြစ်သူအား ပြန်လည်လွှတ်ပေးခဲ့ပြီး မဆုမြတ်ထက်ရဲ့ ဘဏ် စာအုပ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားပြီး စစ်ဆေးနေကြောင်း နဲ့ သူမရဲ့ လူမှုကွန်ရက် အကောင့်တွေကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

မဆုမြတ်ထက်မှာ ပြစ်မှုဆိုင်ရာ ကျူးလွန်ထားခြင်းမရှိသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြန်ရရေး မဆုမြတ်ထက် မိသားစုအသိုင်းအဝိုင်းက တောင်းဆိုနေကြပါတယ်။

Photo – ဆုမြတ်ထက် / ချစ်ခင်သူများ စုစည်းရာ facebook

ဆက်စပ် သတင်းများ

Most read