Homeပြည်တွင်းသတင်းဘုတလင်မြို့နယ်က ရွာတွေကို စစ်ကြောင်းထိုးတဲ့ ၅ ရက်အတွင်း ဒေသခံပြည်သူ ၅၀ ဝန်းကျင် စစ်ကောင်စီ ဓားစာခံအဖြစ် ဖမ်းဆီး

ဘုတလင်မြို့နယ်က ရွာတွေကို စစ်ကြောင်းထိုးတဲ့ ၅ ရက်အတွင်း ဒေသခံပြည်သူ ၅၀ ဝန်းကျင် စစ်ကောင်စီ ဓားစာခံအဖြစ် ဖမ်းဆီး

၁၀ အောက်တိုဘာ၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေပြီး ၅ ရက်အတွင်း ဒေသခံ ပြည်သူ စုစုပေါင်း ၅၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

အောက်တိုဘာလ ၆ ရက်ကနေ ၁၀ ရက်အထိ စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းမှာ ရှိတဲ့ နှောပင်ရိုး၊ မရိုးတော၊ တရော်တော၊ ယုန်လှေးကုန်း၊ ကံဆွယ်၊ ကြက်ရိုးကုန်း၊ သီးပင်အိုင်နဲ့ ကျောက်အိုး (အရှေ့၊ မြောက်၊ တောင်) ရွာတွေက ဒေသခံတွေကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ အင်အား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကြောင်း နဲ့ ဘုတလင်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်းနဲ့ ဖမ်းဆီးခံရသူတွေဟာ အခု သီးပင်အိုင် ရွာမှာ ထိန်းသိမ်းခံထားရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

၁၅ နှစ်ကျော်ရင် ခေါ်သွားတယ်လို့ သိရပြီး ဖမ်းခံရတဲ့အထဲ မိန်းကလေးအများစု ပါဝင်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး စစ်ကြောင်းတစ်ကြောင်းလုံး ဖမ်းဆီး သုတ်သင်ခံထားရတဲ့ ကူတော်ရွာအထိ သွားမယ်လို့ ယူဆကြောင်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာအနီးမှာ စက်တင်ဘာလ ၃၀ က စစ်ကြောင်းတစ်ကြောင်းလုံးနီးပါး ဖမ်းဆီးသုတ်သင်ခံလိုက်ရတဲ့အတွက် ပြန်ပြီး ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကူတော်ရွာမှာ စစ်ကောင်စီစစ်ကြောင်းက ၃၃ ဦး သေဆုံးပြီး ၄၃ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ NUG က အောက်တိုဘာလ ၃ ရက်မှာ တရားဝင် ထုတ်ပြန် ကြေညာထားပါတယ်။

ဖမ်းဆီးရမိတဲ့ထဲက ဗိုလ်ကြီးအောင်ကျော်ဇင်က စစ်ကြောင်းထိုးတဲ့ရွာတွေမှာ ဒေသခံတွေ သတ်ဖြတ်မိ ကြောင်းနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးမိကြောင်း ဝန်ခံထားတဲ့ ရုပ်သံဖိုင်တစ်ခုကို မုံရွာခရိုင် အမှတ်(၂၀) တပ်ရင်း (Battalion of Budalin-BOB)က အောက်တိုဘာလ ၆ ရက်က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ နှစ်သောင်းကျော်က ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပုံစာ- စစ်ကောင်စီသုံ့ပန်း ဗိုလ်ကြီးအောင်ကျော်ဇင် ဝန်ခံပြောကြားနေစဉ်

Photo – Screen Grab from BOB Records

ဆက်စပ် သတင်းများ

Most read