Homeပြည်တွင်းသတင်းပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ လက်နက်မျိုးစုံ ၄၀၀ ကျော်နဲ့ သုံ့ပန်း အများအပြား ဖမ်းမိကြောင်း စစ်ကိုင်းပကဖထုတ်ပြန်

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ လက်နက်မျိုးစုံ ၄၀၀ ကျော်နဲ့ သုံ့ပန်း အများအပြား ဖမ်းမိကြောင်း စစ်ကိုင်းပကဖထုတ်ပြန်

၉ အောက်တိုဘာ၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်မျိုးစုံ ၄၀၀ ကျော်နဲ့ စစ်ကောင်စီသုံ့ပန်း အများအပြား ဖမ်းဆီးရရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ် က သတင်းဓာတ်ပုံတွေနဲ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့လက်အောက်ခံတပ်ဖွဲ့ဝင်တွေက လက်နက်ချ ဆုတ်ခွာခွင့်တောင်းပြီး ဆုတ်ခွာသွားတာကြောင့် မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ဖို့ နှစ်လနီးပါးကြာအောင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက် ညပိုင်းက စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေ၊ မိသားစုဝင်တွေ ရိက္ခာပြတ်လပ်တော့မှာဖြစ်တဲ့အတွက် လက်နက်ချ ဆုတ်ခွာခွင့်ပြုဖို့ ခွင့်တောင်းခံလာတယ်လို့သိရပါတယ်။ ချက်​ခြင်းစီစဉ်ဆောင်ရွက်ခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်၊ မနက်ပိုင်းမှာ မြို့ကိုအလုံးစုံ ထိန်းချုပ်ပြီး သိမ်းပိုက်ရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဆုတ်ခွာခွင့်တောင်းပြီး လက်နက်ချသူတွေကို ဝန်းသိုမြို့သို့ ဆုတ်ခွာခွင့်ပြုခဲ့ပြီး အ​ခြား​ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို ကောင်းမွန်စွာ ​ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးကာလအတွင်းမှာ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရရှိခဲ့တဲ့အပြင် စစ်ကူစစ်ကြောင်းတခုလုံးကို ချေမှုန်းဖမ်းဆီးရမိခဲ့ပြီး သုံ့ပန်းအများအပြား ဖမ်းဆီးရရှိခဲ့ပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဆီ လာပြီး အလင်းဝင် ပူးပေါင်းတဲ့ စကစတပ်ဖွဲ့ဝင်တွေလည်း ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

ပင်လည်ဘူးမြို့မှာ ခမရ ၃၀၁၊ ခမရ ၁၀၁၊ ခမရ ၁၁၁၊ SNA ၊ တပ်ရင်း ၆၁၄၊ ရဲတပ်ဖွဲ့တို့ ပါဝင်သလို စကစဘက်မှ စစ်ကူ ၄ ကြိမ် လာရောက်တဲ့ တပ်ရင်းတွေက ခမရ ၃၆၃၊ ခမရ ၁၆၊ ခမရ ၃၆၈၊ ခမရ ၈၇ တို့ဖြစ်ပြီး စုစုပေါင်း ၁၁ ရင်းခန့် ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နောက်ဆုံးအခြေပြုခဲ့တဲ့ ရဲစခန်းအတွင်းမှာ ဘိန်းဖြူခွက်ရေ အမြောက်အမြား (ခန့်မှန်းခွက်‌ရေ ၈၀ ခန့်) တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးကာလ ၅၃ ရက်အတွင်း စစ်ကောင်စီက လေယာဉ် အမျိုးမျိုး ကြိမ်ရေ/စင်းရေ ၁၃၀ ကျော်နဲ့ ဗုံးအရွယ်အစားအမျိုးမျိုး (ပေါင် ၅၀၀၊ ၃၀၀၊ ၂၀၀) စုစုပေါင်းအလုံးရေ ၃၀၀၀ ကျော် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၉ ရက် ဒီနေ့မနက် ၆ နာရီဝန်းကျင်မှာ လေကြောင်းက သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ- ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ရရှိတဲ့လက်နက်ခဲယမ်းဘိန်းဖြူခွက်များ

Photo – စစ်ကိုင်းပကဖ

ဆက်စပ် သတင်းများ

Most read