Homeပြည်တွင်းသတင်းလားရှိုးမြို့ကို တစ်လအတွင်း ၈ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့ကို တစ်လအတွင်း ၈ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်

၂၉ စက်တင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက ၂၈ ရက် ည ၈နာရီခွဲဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ လာပြီး ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါဟာ MNDAA တပ် အုပ်ချုပ်နေတဲ့ လားရှိုးမြို့ကို တစ်လအတွင်း ၈ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက် ည ၈း၃၄ မှာ လားရှိုး ရပ်ကွက် ၈ ၊ ရုံးအနောက်က ဝပ်ရှော့တစ်ခုထဲကို ဗုံးက တည့်တည့်ကျခဲ့ပေမဲ့ ဒီဝပ်ရှော့မှာ အိပ်သူတွေက တခြားနေရာ ပြောင်းအိပ်တဲ့အတွက် ထိခိုက်သေဆုံးခြင်းမရှိဘူးလို့ သိရပါတယ်။ လူနေအဆောက်အအုံတွေနဲ့ ကားတွေကတော့ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

“ရပ်ကွက် ၈ မန်ဆူဟိုတယ်ဘေးနားမှာ ကျွန်တော်တို့ အုတ်နီခဲတိုက်လို့ အလွယ်ခေါ်တဲ့ တိုက်တန်းတွေနားကို ဗုံးကျတာပါ။ အဲ့ဒီ့မှာ ဝပ်ရှော့တစ်ခုရှိတယ်။ ဝပ်ရှော့ကလူတွေကလည်း ကံကောင်းချင်တော့ အဲဒီ့ညမှာမှ တခြားသွားအိပ်ကြတယ်လို့ သိရတယ်။ ကားတွေကော အိမ်တွေကော ထိတာပေါ့”လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဩဂုတ်လ ၃၀၊ စက်တင်ဘာ ၈၊ ၉၊ ၂၁၊ ၂၄၊ ၂၅၊ ၂၇၊ ၂၈ တွေမှာ စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၃၈ ဦး ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

ပုံစာ – စက်တင်ဘာ ၂၈ ဗုံးကြဲခံလိုက်ရတဲ့ လားရှိုးမြို့ ရက-၈ မြင်ကွင်း

Photo – FYV

ဆက်စပ် သတင်းများ

Most read