Homeပြည်တွင်းသတင်းရာဂီမုန်တိုင်းရိုက်ခတ်မှုကြောင့် မြန်မာပြည်သူ ၉ သိန်းနီးပါး ဒုက္ခရောက်ခဲ့ရ

ရာဂီမုန်တိုင်းရိုက်ခတ်မှုကြောင့် မြန်မာပြည်သူ ၉ သိန်းနီးပါး ဒုက္ခရောက်ခဲ့ရ

၂၆ စက်တင်ဘာ၊ ၂၀၂၄

ရာဂီမုန်တိုင်းရိုက်ခတ်မှုအရှိန်ကြောင့် ရေကြီး မြေပြိုမှုတွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ လူပေါင်း ၈၉၀၀၀၀ နီးပါး ဒုက္ခရောက်ခဲ့ရပြီး ဒုက္ခသည်တွေထဲ ကလေးသူငယ် ၂၇၀၀၀၀ နီးပါး ပါဝင်နေတယ်လို့ Unicef က ထုတ် ပြန်တဲ့စာရင်းနဲ့ Relief Web က ဖော်ပြမှုတွေအရ သိရပါတယ်။

မြန်မာနိုင်ငံအနှံ့ တိုင်းနဲ့ပြည်နယ် ၉ ခုမှာ ရေကြီးခဲ့ပြီး မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ ကရင်ပြည်နယ်၊ နေပြည်တော်တို့မှာ ပျက်စီးထိခိုက်မှုအများဆုံးဖြစ်ပြီး လူပေါင်း ၄၁၉ ဦး ထက် မနည်း သေဆုံးကာ လူပေါင်း ၁၀၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

NUG အစိုးရကတော့ လူပေါင်း ၁၀၀၀ ကျော် သေဆုံးပျောက်ဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် အိမ်ပြိုကျပျက်စီးမှုတွေအပြင် စည်းစိမ်ဥစ္စာပျက်စီးဆုံးရှုံးတာ၊ အသက် အန္တရာယ်ရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အရေးကြီးတဲ့ အဆောက်အအုံတွေ ပျက်စီးတာ၊ ကျောင်းတွေ ရပ်နားရတာ၊ ရေအရင်းအမြစ် ခက်ခဲတာ၊ အဝေးပြေးလမ်းမနဲ့ တံတားတွေ ပျက်စီးတာစတဲ့ နောက်ဆက်တွဲတွေကိုပါ မြန်မာပြည်သူတွေခံစားနေရပါတယ်။

စစ်ကောင်စီဘက်ကတော့ ရေဘေးကြုံတွေ့နေရတဲ့ တချို့ဒေသတွေကို PDF တွေနဲ့ဆက်စပ်မှုရှိတယ်ဆိုပြီး သွားရောက်ကူညီခွင့်ပိတ်ပင်ထားပါတယ်။ ပဲခူးတိုင်း စစ်တောင်းမြစ်အရှေ့ပိုင်းက မြို့ရွာတွေကို သွား ရောက်ခွင့်ပိတ်ထားပြီး ဆန်အိတ်အရေအတွက် ကအစ ကန့်သတ်ထားတားတာ၊ ဆေးဝါးပစ္စည်းတွေ လှူခွင့်မရတာတွေ လုပ်နေပါတယ်။

မန္တလေးတိုင်းထဲက တချို့နေရာတွေမှာ ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရပြီး ရွာသူရွာသားတွေအနေနဲ့ မိမိတို့ နေအိမ်ကိုတောင် ပြန်လာဖို့မဖြစ်နိုင်အောင် တစ်ရွာလုံးနုန်းမြေတွေ ဖုံးလွှမ်းနေတာမျိုး ရှိနေပါတယ်။

ရမည်းသင်းလို ရွှေတူး ရွှေကျင်တဲ့ ဒေသတွေမှာ လမ်းတွေအားလုံး နုန်းမြေတွေ ဖုံးနေတဲ့အတွက် ကယ် ဆယ်ရေးအဖွဲ့တွေတောင် သွားရောက်ကူလို့မရသေးတဲ့အနေအထားမျိုးမှာ ရှိပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာ ရေလွှမ်းမိုးခံရတဲ့နေရာ ၂၆ မြို့နယ် ရှိပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ထက်မနည်းမှာ ရှိနေတဲ့မြို့တွေက တောင်ကျရေတွေဟာ ရှမ်းပြည် နယ်တောင်ပိုင်း အင်းလေးကန်ထဲကကို စီးဝင်ကုန်ပြီး အင်းလေးဒေသတဝိုက်ကို ရေဖုံးလွှမ်းထားပါတယ်။

အင်းလေးကန်ထဲကရေတွေဟာ ပြန်ထွက်စရာ ရေထွက်ပေါက်ဟာ တစ်ခုထဲ ရှိတဲ့အတွက် အင်းလေး ကန်ဝန်းကျင်က ရွာပေါင်း တစ်ရာနီးပါးဟာ ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွားဆက်ပြီး ခံစားနေရဖွယ်ရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အဓိကလိုအပ်တဲ့အကူအညီဟာ အစားအစာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်းမှာ ၆ မြို့နယ် ရေကြီးခဲ့ပြီး လူပေါင်း ၁ သိန်းကျော်၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်နေရာ အနှံ့မှာ ရေကြီးမှုကြောင့် လူပေါင်း ၁သိန်းကျော်၊ ရခိုင်မှာ မြို့နယ် ၃ ခု ရေကြီးခဲ့ပြီး လူပေါင်း ၄သောင်းကျော် ဒုက္ခရောက်နေကြပြီး မြေပြင်စာရင်းဇယားမှာ ဒီထက်ပိုနိုင်ပါတယ်။

ပုံစာ- ရှမ်းပြည်နယ် ဆီဆိုင်မြို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားစဉ်

Photo – Ven Kovida

ဆက်စပ် သတင်းများ

Most read