Homeပြည်တွင်းသတင်းလားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းက ထပ်မံတိုက်ခိုက် ၁ဦးသေ ၁၅ဦး ဒဏ်ရာရ

လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းက ထပ်မံတိုက်ခိုက် ၁ဦးသေ ၁၅ဦး ဒဏ်ရာရ

၂၄ စက်တင်ဘာ၊ ၂၀၂၄

စက်တင်ဘာ ၂၄ရက် ဒီနေ့မနက်အစောပိုင်းမှာ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းက လေးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မနက် ၁ နာရီခွဲ ၀န်းကျင်မှာ လားရှိုး ရပ်ကွက် ၂ က ရထိုက်ဟိုတယ်နဲ့ Golden Sunflower ဟိုတယ်တို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ဗုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ၉ဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြ ပါတယ်။

လားရှိုးပြန်လည်ထူထောင်ရေးလူမှုကွန်ယက်မှာ ဖော်ပြချက်အရ နံနက် ၄နာရီ ဝန်းကျင်မှာ ပထမ ဗုံးကြဲခဲ့ တဲ့နေရာ အနီးမှာ ပေါင် ၅၀၀ ဗုံး နှစ်လုံးထပ်မံကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၁ဦး သေဆုံးပြီး ၆ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ဟိုတယ်နဲ့ အနီးဝန်းကျင် တွင် အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာလအတွင်းမှာ ၈ ရက် ၉ရက် ၁၀ရက် ၂၁ရက်တွေမှာလည်း စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးကြဲခဲ့ပါသေးတယ်။ ကိုးကန့်တပ်မတော် MNDAA က စက်တင်ဘာ၁၈ရက်က တရုတ်နဲ့ မြန်မာ့အရေးပူးပေါင်းအဖြေရှာမဲ့အကြောင်းနဲ့ မန္တလေး ၊ တောင်ကြီးမြို့တွေကို ဆက်လက်သိမ်းယူမှာ မဟုတ်တဲ့အကြောင်း ထုတ်ပြန်ကြေညာ ထားပါတယ်။

ပုံစာ – စက်တင်ဘာ ၂၄ မနက် လားရှိုးမြို့ကို အစောပိုင်းတိုက်ခိုက်ခံရတဲ့မြင်ကွင်း

Photo – CJ

ဆက်စပ် သတင်းများ

Most read