Homeနိုင်ငံတကာသတင်းဒေါ်နယ်ထရမ့် ဒုတိယအကြိမ် လုပ်ကြံဖို့ ကြိုးစားခံရ၊ လုပ်ကြံသူကို ချက်ချင်းဖမ်းမိ

ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် လုပ်ကြံဖို့ ကြိုးစားခံရ၊ လုပ်ကြံသူကို ချက်ချင်းဖမ်းမိ

၁၆ စက်တင်ဘာ၊ ၂၀၂၄

အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ စက်တင်ဘာ ၁၅ ရက် တနင်္ဂနွေနေ့နေ့လယ်က အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် West Palm Beach က သူ့ကိုယ်ပိုင် ဂေါက်ကွင်းတစ်ခုမှာ ဂေါက်ရိုက်နေတုန်း သေနတ်နဲ့လူတစ်ယောက်ကို Secret Service အဖွဲ့က တွေ့လို့ တားဆီးလိုက်နိုင်ပါတယ်။

ထရမ့် ဂေါက်ရိုက်ရင်း ရောက်လာမဲ့ ကျင်းတစ်ခုမှာ ခြုံပုတ်တစ်ခုထဲက ရိုင်ဖယ်သေနတ်ပြောင်းထွက်နေတာကို အနီးကပ်လုံခြုံရေးအဖွဲ့ (Secret Service) အဖွဲ့ဝင်တစ်ယောက်က တွေ့လို့ လှမ်းပြီး ပစ်ခတ်တာ ဖြစ်ပါတယ်။ သေနတ်သမားက အနက်ရောင် NIssan ကားတစ်စီးပေါ် တက်ပြီး မောင်းပြေးသွားခဲ့ချိန်မှာ အနားက လူတစ်ယောက်က ကားနဲ့ ကားနံပတ်ကို အမိအရ ဓာတ်ပုံရိုက်ယူ မှတ်တမ်းတင်ထားနိုင်ပြီး ရဲကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ လိုက်လံ ရှာဖွေ ပိတ်ဆို့ ဖမ်းဆီးပြီး သေနတ်သမားကို လက်ရ ဖမ်းမိထားတယ်လို့ သိရပါတယ်။

ရိုင်ဖယ်သေနတ်ကို သတိပြုမိလိုက်တဲ့ Secret Service Agent ရဲ့ ပြောဆိုချက်အရ သေနတ်သမားအနားကိုရောက်ဖို့ ထရမ့်ဟာ သိပ်မလိုတော့ဘူးလို့ဆိုပါတယ်။ သေနတ်သမားရှိခဲ့တဲ့နေရာကို ရှာဖွေချိန်မှာ ခြုံပုတ်ထဲက အေကေ-၄၇ ပုံစံရိုင်ဖယ်တစ်လက်၊ ပစ်မှတ်ရှာမှန်ပြောင်း၊ ခြံစည်းရိုးမှာ ချိတ်ထားတဲ့ ကျောပိုးအိတ်နှစ်လုံးနဲ့ GoPro ကင်မရာ တစ်လုံးကို တွေ့ရှိသိမ်းဆည်းမိတယ်လို့ ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့ (FBI) က ပြောပါတယ်။

တချို့ သတင်းဌာနတွေက ထရမ့်ကိုလုပ်ကြံဖို့ကြိုးစားတဲ့ သေနတ်သမားဟာ Ryan Wesley Routh လို့ သိရပြီး ဘာကြောင့်ပစ်ခတ်တယ်ဆိုတာ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဖလော်ရီဒါ ရဲတပ်ဖွဲ့နဲ့ FBI ကတော့ သေနတ်သမားအကြောင်း တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

မစ္စတာ ထရမ့်ဟာ ဇူလိုင် ၁၃ ရက်ကလည်း ပင်ဆယ်လ်ဗေးနီးယားမှာ မဲဆွယ်ပွဲလုပ်နေတုန်း လူငယ်တစ်ဦးက သေနတ်နဲ့ လှမ်းပစ်ခဲ့တဲ့အတွက် နားရွက်ကိုထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။ အခုတစ်ကြိမ် လုပ်ကြံဖို့ ကြိုးစားခဲ့ရပြီးမှာလည်း သူ အန္တရာယ်ကင်းကြောင်းနဲ့ သူ့မဲဆွယ်လှုပ်ရှားမှုကို အရှိန်မပျက် ဆက်လုပ်သွားမှာ ဖြစ်တဲ့ အကြောင်း ဆိုရှယ်မီဒီယာမှာ ထရမ့်က ရေးသားခဲ့ပါတယ်။

ပုံစာ – သေနတ်သမားနဲ့ သေနတ်သမားကို ဖမ်းဆီးစဉ်

Photo – Wayne Dupree Show, စီအန်အန်

ဆက်စပ် သတင်းများ

Most read