Homeပြည်တွင်းသတင်းIEC နဲ့ ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့)တို့ ပူးပေါင်းပြီး “တရားဥပဒေ စိုးမိုးရေးစီမံချက်” ကို ချမှတ်ဆောင်ရွက်

IEC နဲ့ ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့)တို့ ပူးပေါင်းပြီး “တရားဥပဒေ စိုးမိုးရေးစီမံချက်” ကို ချမှတ်ဆောင်ရွက်

၅ စက်တင်ဘာ၊ ၂၀၂၄

ကရင်နီပြည်နယ်မှာ တော်လှန်ရေး အားကောင်းလာဖို့နဲ့ ပြည်သူလူထုအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ IEC နဲ့ ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့)တို့ ပူးပေါင်းပြီး “တရားဥပဒေစိုးမိုးရေးစီမံချက်” တစ်ရပ် ချမှတ်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ ၄ ရက်မှာ ကရင်နီပြည် ကြားကာလအု ပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ပါတယ်။

ချမှတ်ထားတဲ့ တရားဥပဒေစိုးမိုးရေး စီမံချက်ထဲမှာ မူးယစ်ဆေးဝါး၊ တော်လှန်ရေး၊ လူမှုကျင့်ဝတ်နဲ့ မညီတဲ့လုပ်ငန်း၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုတွေနဲ့ လောင်းကစားရုံတွေနဲ့ ပါတ်သက်တဲ့ အထူးတားမြစ်ချက်ကြီး ၄ ခုကို ချမှတ်ထားပါတယ်။ အထူးတားမြစ်ချက် တစ်ခုချင်းအောက်မှာ တားမြစ်ထားတဲ့ အကြောင်းအရာ စုစုပေါင်း ၁၅ ချက် ပါဝင်ပါတယ်။

ဒီတားမြစ်ချက်တွေကို လိုက်နာခြင်းမရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ လုပ်ငန်းရှင်တွေနဲ့ အသင်းအဖွဲ့ တွေဖြစ်စေ၊ ပြစ်မှုအပေါ် ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ရာဇဝတ်မှု နှိမ်နှင်းခြင်းဆိုင်ရာ အထူးစစ်ဆင်ရေးတွေကိုလည်း ဖော်ဆောင်သွားမယ်လို့ IEC က ကြေညာပါတယ်။

အထူးတားမြစ် စီမံဆောင်ရွက်သွားမည့် အကြောင်းအရာတွေထဲမှာ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ် ဆေးဝါးတွေဖြစ်တဲ့ မက်သာဖက်တမင်း (Methamphetamine) နဲ့ ကဖိန်း (Caffeine) တို့ ပေါင်းစပ် အခြေခံထားတဲ့ ယာဘ (Ya Ba) ဆေးပြား၊ အိုက်(စ်) (Ice) နဲ့ ဘိန်းဖြူတွေ အပြင် တော်လှန်ရေးနဲ့ လူမှုကျင့်ဝတ်နဲ့မညီတဲ့ လုပ်ငန်းတွေဖြစ်တဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေလုပ်ဆောင်တာ၊ ခွင့်ပြုချက်မရှိတဲ့ လက်နက်ခဲယမ်းတွေ ရောင်းဝယ်တာနဲ့ မူးယစ်ဆေးဝါး သုံးစွဲတာတို့ ပါဝင်ပါတယ်။

ဒါ့အပြင် အများပြည်သူနဲ့ တော်လှန်ရေးကို ထိခိုက်စေတဲ့ ဆူညံမှု၊ မီးရောင်ပြမှု၊ မမှန်သတင်းဖြန့်ဝေမှုနဲ့ သတင်းပေးမှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေနဲ့ အစွန်းရောက် အကြမ်းဖက်တဲ့ လုပ်ရပ်တွေ၊ တရားမဝင်အာဏာသိမ်း စစ်တပ်အတွက် ထောက်လှမ်းရေး လုပ်ဆောင်တာတွေကို လည်း တားမြစ်ထားပါတယ်။

တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ တရားမဝင် လက်နက်ကိုင်ဆောင်မှု နဲ့ လက်နက်ခဲယမ်းတွေ ရောင်းဝယ် ဖောက်ကားမှုတွေကို တားမြစ်ဖို့ မောင်းပြန် (အော်တို)နဲ့ ဆီမီး (အော်တို) သေနတ်တွေ၊ စစ်ဦးစီးအဖွဲ့ (ကာကွယ်ရေး)ရဲ့ ခွင့်ပြုချက်မရဘဲ ရောင်းဝယ်နေတဲ့ လက်နက်တွေ၊ မှောင်ခိုနည်းနဲ့ ရောင်း၊ ဝယ်၊ စုဆောင်းထားတဲ့ ကျည်မျိုးစုံတွေ၊ တပ်ဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ လက်နက်ကိုင်ဆောင်တာတွေကိုလည်း တားမြစ်ထားပါတယ်။

မြေပြင်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေဖြစ်တဲ့ မြေပြင်လောင်းကစားရုံတွေ၊ အွန်လိုင်းဂိမ်းတွေ (Online Game) ဖြစ်ကြတဲ့ Slot Game၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စတဲ့ ဂိမ်းတွေအပါအဝင် တခြားအွန်လိုင်းဂိမ်းတွေကို အသုံးပြုပြီး စီးပွားဖြစ်လုပ်ဆောင်နေတဲ့ လောင်းကစားလုပ်ငန်းတွေကိုလည်း တားမြစ်ထားပါတယ်။

တရားဥပဒေစိုးမိုးရေးစီမံချက်ကို စက်တင်ဘာလ ၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ IEC နဲ့ ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစု (စစ်ဦးစီးအဖွဲ့)တို့က တရားဥပဒေစိုးမိုးရေးဆိုင်ရာ အလုပ်အဖွဲ့ ( Task Force ) နဲ့ အထူးတပ်ဖွဲ့ ( Special Force) တို့ဖွဲ့စည်းကာ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

“တရားဥပဒေစိုးမိုးရေးစီမံချက်”ကို ကရင်နီပြည်တစ်ပြည်နယ်လုံးအတိုင်းအတာအထိ ဆောင်ရွက်သွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ IEC က ပြောဆိုပါတယ်။

ပုံစာ – (ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထုတ်ပြန်ကြေညာချက် )

Photo – ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)

ဆက်စပ် သတင်းများ

Most read