Homeပြည်တွင်းသတင်းလာအို နိုင်ငံရောက် “ ဝ” အမျိုးသားတွေ အမြန်ဆုံးပြန်လာပြီးစစ်မှုထမ်းဖို့ “ဝ” တပ်ဖွဲ့သတိပေး

လာအို နိုင်ငံရောက် “ ဝ” အမျိုးသားတွေ အမြန်ဆုံးပြန်လာပြီးစစ်မှုထမ်းဖို့ “ဝ” တပ်ဖွဲ့သတိပေး

၃၁ ဩဂုတ်၊၂၀၂၄

“ဝ” ပြည်နယ် တောင်ပိုင်းထဲမှာ နေထိုင်ပြီး ပြည်ပကို အလုပ်သွားရောက် လုပ်ကိုင်နေတဲ့ “ဝ” အမျိုးသားတွေ ၊ မိမိနေရပ်ဆီ အမြန်ဆုံးပြန်လာပြီး စစ်မှုထမ်းဖို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် – UWSA၊ တောင်ပိုင်း စစ်ဒေသ – ၁၇၁ က မနေ့က ရက်စွဲနဲ့ စာထုတ် သတိပေးလာ ပါတယ်။

ပြည်ပနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံမှာ အလုပ်သွားရောက် လုပ်ကိုင်နေတဲ့ တောင်ပိုင်းက “ဝ” အမျိုးသား တွေ အနေနဲ့ ၂၀၂၄၊ သြဂုတ်လ ၃၁ ရက်နေ့မှ စတင်ပြီး စက်တင်ဘာ ၇ ရက်နေ့ကို နောက်ဆုံးထားပြီး သက်ဆိုင်ရာလုံခြုံရေး ဌာနတွေမှာ စာရင်းပေးသွင်းကြဖို့နဲ့ သတ်မှတ်ချိန်ကျော်လွန်ပြီး ပျက်ကွက်ပါက ဖမ်းဆီးအရေးယူသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဝ” ပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းထဲ စစ်မှုထမ်းဖို့ တပ်သားအင်အား ၄ ထောင်စီ ကောက်ခံသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“ဝ” ပြည်နယ်ဟာ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေကို အရင်တည်းက ကျင့်သုံးလာပြီး စစ်မှုထမ်းကာလကို အမျိုးသမီး ၅ နှစ်၊ အမျိုးသား ၉ နှစ်စီသတ်မှတ်ထားပါတယ်။

“ဝ” ပြည်တောင်ပိုင်းကို မြို့အဆင့်တွေဖြစ်တဲ့ မိုင်းကန်၊ နာယောင်း၊ ဝမ်းဟုန်၊ မိုင်ယွန်း၊ ဟွေအော၊ မိုင်ကျွတ်၊ ခိုင်လုံ အစရှိတဲ့ဒေသတွေပါဝင်ကာ ၎င်းအောက်မှာ ကျေးရွာငယ်လေးတွေနဲ့ ဖွဲ့စည်း ထားတာလည်းဖြစ်ပါတယ်။

ပုံစာ – (“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် – UWSA တပ်သားများအား တွေ့ရစဉ်)

Photo – South china Morning Post

ဆက်စပ် သတင်းများ

Most read