Homeပြည်တွင်းသတင်းဧည့်စာရင်းအကြောင်းပြပြီး စစ်မှုထမ်းဖို့ခေါ်တာ၊ ငွေညှစ်တာတွေပိုပြီး ပြုလုပ်လာ

ဧည့်စာရင်းအကြောင်းပြပြီး စစ်မှုထမ်းဖို့ခေါ်တာ၊ ငွေညှစ်တာတွေပိုပြီး ပြုလုပ်လာ

၂၁ ဩဂုတ်၊ ၂၀၂၄

မြန်မာနိုင်ငံတဝန်းမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီး ဧည့်စာရင်း စစ်တာကို အကြောင်းပြပြီး စစ်သားစုဆောင်တာ၊ ငွေညှစ်တာတွေ ပိုပြီးလုပ်ဆောင်လာကြတယ်လို့ မျက်မြင်ကြုံတွေ့ထား သူတွေဆီက သိရပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်၊ မုဒိတာ အိမ်ယာမှာ ဩဂုတ်လ ၁၀ ရက်က ဧည့်စာရင်းဝင်စစ်ပြီး ၁၃ ယောက် ဖမ်းဆီးသွားပြီး မန္တလေး၊ ပြင်ဦးလွင်၊ လားရှိုးက စစ်ရှောင်လာသူတွေရှိရင် အကြောင်းကြားဖို့ စစ်ကောင်စီတပ်တွေက ပြောကြားသွားတယ်လို့ ဆိုပါတယ်။

တာမွေနဲ့ တောင်ညွန့်ဘက်မှာလည်း ရက်ခြားဆိုသလို ဧည့်စာရင်းဝင်စစ်နေပြီး ဧည့်စာရင်းမတိုင်ထားသူတွေကို စစ်မှုထမ်းနိုင်တဲ့အရွယ်တွေဆို စစ်မှုထမ်းမယ်ဆိုတဲ့ ခံဝန်ထိုးခိုင်းပြီး ငွေပေးပြီး ရွေးထုတ်ခိုင်းတယ်လို့ သိရပါတယ်။

“အရင်က အဆောင်တွေကို ဦးစားပေးပြီး သူတို့က ရှာကြတာ၊ အခုကျတော့ အဆောင်တွေတင်မကဘူး၊ အိမ်တွေကိုပါ ရှာတယ်၊ ဧည့်စာရင်းမတိုင်ထားရင် ဖမ်းတာ ၊ ငွေပေးပြီးရွေးခိုင်းတာတွေ လုပ်ခိုင်းတယ်။ စစ်တပ်နဲ့ ရပ်ကွက် ပေါင်းစားနေကြတယ်။ ဧည့်စာရင်းတိုင်တော့လည်း ၁၃/ ၅/ ဆို လွယ်လွယ်မပေးဘူး။ အခုဆို ၁/ ၁၁/ ၉/ လဲ မပေးဘူး” လို့ တာမွေမြို့နယ်နေသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာလည်း ၂၉လမ်း ၊ လမ်း၈၀နဲ့ ၈၁ လမ်းကြားကို ဩဂုတ်လ ၁၉ ညက အနောက်ဝင်းကို ဝင်စစ်ပြီး ဩဂုတ်လ ၂၀ ရက်ညမှာ အရှေ့ဝင်းကို ဝင်စစ်သွားတယ်လို့ သိရပါတယ်။ အနောက်ဝင်းကို ဝင်စစ်ချိန်မှာ ဧည့်စာရင်းမတိုင်ထားတဲ့ မိန်းကလေး ၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေတစ်ဦးက လူမှုကွန်ယက်မှာ တင်ထားပါတယ်။ မန္တလေးမြို့မှာ ဧည့်စာရင်းကို မြို့နယ်တိုင်းကို စစ်နေတာဖြစ်ပြီး စစ်ရှောင်တွေကို အဓိကထားပြီး ဖမ်းဆီးနေတာလို့ သိရပါတယ်။

ဧည့်စာရင်းစစ်တာအပြင် စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး လူဝင်မှုကြီးကြပ်ရေး၊ စစ်ကောင်စီနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတို့ ပူးပေါင်းပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာ ၊ တကယ်လို့ မဲပေါက်တဲ့လူက ပြည်ပ ဒါမှမဟုတ် တခြားမြို့ကို ရောက်နေတာဆိုရင် ငွေကြေး သိန်း ၄၀ ထိ ငွေညှစ်တောင်းခံတာမျိုးတွေ လုပ်နေတယ်လို့ သိရပါတယ်။

ပုံစာ – ၂၀၂၂ ခုနှစ်က ပုံဟောင်း/MOI

ဆက်စပ် သတင်းများ

Most read