Homeပြည်တွင်းသတင်းမူဆယ်-လားရှိုး ကားလမ်းပြန်လည်ဖွင့်လှစ်ကာ လားရှိုးမြို့ပုံမှန်နီးပါး လည်ပတ်လာ

မူဆယ်-လားရှိုး ကားလမ်းပြန်လည်ဖွင့်လှစ်ကာ လားရှိုးမြို့ပုံမှန်နီးပါး လည်ပတ်လာ

၁၈ ဩဂုတ်၊ ၂၀၂၄

MNDAA ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ လားရှိုးမြို့မှာ ဆေးရုံ၊ ဈေးတွေ ပုံမှန်လည်ပတ်နေပြီး မူဆယ်-လားရှိုး ကားလမ်းလည်းပြန်ဖွင့်နေပြီလို့ ဒေသခံထံက သိရပါတယ်။

ဒါပေမဲ့ တိုက်ပွဲတွေ မဖြစ်ခင်က လားရှိုး – မူဆယ် ခရီးစဉ်အတွက် ၃၅၀၀၀ ကျပ်သာကျခဲ့ပေမဲ့ တိုက်ပွဲဖြစ်အပြီးမှာတော့ ကျပ် ၂ သိန်းအထိ စျေးနှုန်းမြင့်တက်လာကာ လက်ရှိလမ်းအခြေအနေအရ ကားအသေးတွေသာ သွားလို့အဆင်ပြေသေးတယ်လို့ သိရပါတယ်။

စက်သုံးဆီမှာလည်း တစ်လီတာကို ယခင်က ၂၀၀၀ ကျပ်ဝန်းကျင်ကနေ တစ်လီတာ ၇၀၀၀ ကျပ်အထိ တက်သွားပြီး လမ်းမှာလည်း မူဆယ်က ၁၀၅ မိုင်ကို ဖြတ်လို့မရဘဲ နမ့်ခမ်း ၊ နမ့်ဖက်ကာဘက်က ဖြတ်သွားနေရတဲ့အတွက် ကားခ ဈေးတက်တာ ဖြစ်တယ်လို့ သိရပါတယ်။

“လားရှိုးကိုတော့ လူတွေ နည်နည်းစီ ပြန်ရောက်နေပါပြီ။ ဖုန်းလိုင်းတွေတော့မရသေးဘူး ။ ယာဉ်လိုင်းတွေနဲ့ မောင်းသူတွေကိုတော့ ကိုးကန့်အုပ်ချုပ်ရေးတပ်ကို သတင်းပို့ဖို့ ပြောတာမျိုးတော့ရှိတယ်။ မြို့ဝင်ရင်တော့ ကားမှန်ချ ဖြည်ဖြည်းမောင်းပြီး သူတို့မေးတာ သေချာဖြေရတယ်။ မြို့ထဲမှာ တခြားတပ်တွေလည်းရှိပေမဲ့ ဂိတ်တွေမှာတော့ ကိုးကန့်တပ်က တာဝန်ယူတာပါ။” လို့ ကားသမားတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

မူဆယ်- လားရှိုးလမ်းအပြင် လောက်ကိုင် – ကွမ်းလုံ – သိန္နီ – လားရှိုး လမ်းကြောင်းလည်း MNDAA က ပြန်လည်ဖွင့်ထားတယ်လို့သိရပါတယ်။

လားရှိုးမြို့တွင်းမှာတော့ အုပ်ချုပ်ရေးပိုင်းကို ကိုးကန့်တပ် MNDAA က တာဝန်ယူထားပြီး ဆေးရုံ ၊ ဈေးနဲ့ စားသောက်ဆိုင်၊ လူသုံးကုန်ဆိုင်တွေပြန်လည်ပတ်ဖို့ကြိုးစားနေပေမဲ့ တော်လှန်ရေးတပ်တွေနဲ့ဝေးတဲ့ နေအိမ်တွေကို အုပ်စုဖွဲ့ဖောက်ထွင်းနေပြီး ဖောက်ထွင်းသူတွေကို အရေးယူမယ့်အကြောင်း ကြေညာထားပေမဲ့ နေ့တိုင်းခိုးယူဖောက်ထွင်းမှုတွေရှိနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဆက်စပ် သတင်းများ

Most read