Homeပြည်တွင်းသတင်းမြင်းခြံခရိုင်အထူးစစ်ဆင်ရေးမှာ မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေကို တော်လှန်ရေးတပ်များပူးပေါင်းတိုက်ခိုက်

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးမှာ မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေကို တော်လှန်ရေးတပ်များပူးပေါင်းတိုက်ခိုက်

၁၁ ဩဂုတ်၊ ၂၀၂၄

ဩဂုတ်လ ၁၀ ရက် မနက် ၅ နာရီဝန်းကျင်ကစပြီး ‘မြင်းခြံခရိုင်အထူးစစ်ဆင်ရေး’ အဖြစ် မြင်းခြံ မြို့နယ်၊ နွားထိုးကြီးမြို့နယ်နဲ့ တောင်သာမြို့နယ်တွေက စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ပြီး ဩဂုတ်လ ၁၁ ရက်အထိ ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ သိရပါတယ်။

နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီကလည်း လေကြောင်းက ပြန်ပြီး ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကမ္ဘောဇဘဏ်အဆောက်အဦး ပျက်စီးခဲ့ပြီး နေအိမ်တိုက်တာတချို့နဲ့ အစိုးရရုံးတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ နွားထိုးကြီး ပကဖ အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ထရန်စဖော်မာတွေ မီးလောင်တဲ့အတွက် လျှပ်စစ်မီးပြတ်တောက်နေပြီး အခွန်ဦးစီးဌာနရုံး၊ စီးပွားရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်တို့ မီးလောင်ခဲ့ပါတယ်။ မြို့ပေါ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့ နွားထိုးကြီး မြို့ခံတစ်ဦးက ဆိုပါတယ်။

“နွားထိုးကြီးမြို့ပေါ်မှာတော့ ကျန်ခဲ့တာအိမ်စောင့်သဘောလောက်ပဲ ၊ ကျန်တာတွေကအနီးအနားက ရွာတွေကို သွားရှောင်နေကြပြီ” လို့ မြို့ခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။ “ဝတီးမြို့ဟောင်းဘက်၊ နရွဲတောတောင်ရွာ၊ ဒေါင့်ဘိုး ရွာတွေကိုလည်း ရှောင်ကြတယ်။ လမ်းမှာတော့ သရက်ကန်ရွာက စစ်ကောင်စီဂိတ်က မေးမြန်းတာ ပိုက်ဆံတောင်းတာတွေ ရှိတယ်။ သရက်ကန်က အစောထဲက ပျူတွေ များတယ်” လို့ သူက ဆက်ပြောပါတယ်။

လတ်တလောအခြေအနေမှာ စစ်ကောင်စီဘက်ကလည်း တန်ပြန်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲအခြေအနေကို ကြေညာလို့မရသေးကြောင်း တော်လှန်ရေးတပ်တွေဘက်မှ ကြေညာထားပါတယ်။ မြင်းခြံခရိုင်ကို အစောထဲက စစ်ကောင်စီက ချုံခိုတိုက်ခိုက်မှုတွေ များတဲ့အတွက် လုံခြုံရေးအထူးတင်းကြပ်ထားတာ ဖြစ်ပါတယ်။

“မြင်းခြံလမ်းကလည်း အခြေနေဆိုးတယ်။ ဟိုလက ရေဘေးအတွက် ပခုက္ကူသွားသေးတယ်။ အပြန်မှာ ကျောက်ပန်းတောင်းမှာ ကားပေါ်စစ်တာ၊ ရေစကြိုဘက်က ကောင်လေး၂ယောက်ကို အဲ့ဂိတ်က စစ်သားက ရစ်တယ်” လို့ ကိုယ်တွေ့ကြုံသူက New Day Myanmar ကို ပြောပါတယ်။

ပြည်သူတွေအနေနဲ့ မြင်းခြံ – နွားထိုးကြီးလမ်းပိုင်းနဲ့ မြင်းခြံ -တောင်သာလမ်းပိုင်းတွေကို လတ်တလော ဖြတ်သန်းသွားလာတာမျိုး မလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကမေတ္တာရပ်ခံကြေညာထားပါတယ်။ ဒီစစ်ဆင်ရေးကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနဲ့ မြင်းခြံ ခရိုင် အတွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေ ၊ LPDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read