ဩဂုတ် ၂၈၊ ၂၀၂၆ | New Day Myanmar
တရုတ်နိုင်ငံ တိဘက်ဒေသနဲ့ နီပေါနယ်စပ်အနီး ရေခဲမြစ်ပြိုကျမှုကနေ ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေ မြစ်ကြောင်းပိတ်ဆို့ပြီး ဖြစ်လာတဲ့ ရေကန်ဟာ ရေလျှံစတင်နေပြီ ဖြစ်တာကြောင့် နောက်ထပ်ရေကြီးမှု ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်မြင့်တက်လာပြီး တရုတ်ဘက်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ယာယီရပ်နားထားရပါတယ်။
နီပေါ-တရုတ်နယ်စပ်မှာ ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ ရေခဲမြစ်ပြိုကျမှုကြောင့် ရေခဲ၊ ကျောက်တုံး၊ ရွှံ့နဲ့ ရေထုအမြောက်အမြား တောင်ပေါ်ကနေ အရှိန်ပြင်းစွာ စီးဆင်းလာပြီး နီပေါနဲ့ တိဘက်ဘက်က မြို့ရွာတွေ၊ လမ်း၊ တံတားနဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ ပျက်စီးခဲ့ပါတယ်။ နောက်ဆုံးစာရင်းအရ နီပေါမှာ ၄၈၉ ဦးနဲ့ တိဘက်မှာ ၅ ဦး၊ စုစုပေါင်း ၄၉၄ ဦး သေဆုံးထားပြီး လူ ၁,၀၀၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
အဲဒီရေကြီးမှုနောက်ပိုင်း ရေခဲမြစ်ပြိုကျရာက ပါလာတဲ့ ကျောက်တုံးနဲ့ မြေသားတွေ မြစ်ကြောင်းကို ပိတ်ဆို့သွားတာကြောင့် တောင်ကြားမှာ ရေကန်တခု အသစ်ဖြစ်ပေါ်လာခဲ့ပါတယ်။
တရုတ်အာဏာပိုင်တွေရဲ့ စစ်ဆေးချက်အရ ရေကန်ထဲမှာ ဩဂုတ် ၂၈ ရက်အထိ ရေ ကုဗမီတာ ၂ ဒသမ ၅ သန်းကျော် စုဝေးနေပြီး အရင်နေ့က ခန့်မှန်းထားတဲ့ ကုဗမီတာ ၁ ဒသမ ၅ သန်းကနေ ၂ သန်းကြားထက် သိသိသာသာ မြင့်တက်လာပါတယ်။
လာမယ့် သုံးရက်အတွင်း နောက်ထပ် ရေ ကုဗမီတာ ၃ သန်းခန့် ရေကန်ထဲ စီးဝင်လာနိုင်ပြီး စက်တင်ဘာ ၁ ရက်ဝန်းကျင်မှာ ရေစီးနှုန်း အမြင့်ဆုံးရောက်နိုင်တယ်လို့ တရုတ်အာဏာပိုင်တွေက သတိပေးထားပါတယ်။ ကုဗမီတာ ၃ သန်းဟာ အိုလံပစ်ရေကူးကန် အလုံး ၁,၂၀၀ ခန့်နဲ့ ညီမျှတဲ့ ရေပမာဏ ဖြစ်ပါတယ်။
ရေကန်ဟာ အလျား မီတာ ၁၅၀ ခန့်ရှိပြီး အနက် မီတာ ၄၀ ကနေ ၅၀ ကြားရှိတယ်လို့ တရုတ်အင်ဂျင်နီယာအဖွဲ့က တိုင်းတာထားပါတယ်။ ရေကန်ပိတ်ဆို့ထားတဲ့ မြေသားနဲ့ ကျောက်တုံးတံတား ကျိုးပေါက်သွားရင် အောက်ပိုင်းဒေသတွေဆီ ရေအမြောက်အမြား အရှိန်ပြင်းပြင်း စီးဆင်းနိုင်တာကြောင့် နောက်ထပ်အကြီးစားရေလွှမ်းမိုးမှု ဖြစ်လာနိုင်ပါတယ်။
တရုတ်ဘက်က အင်ဂျင်နီယာ ၈ ဦးပါအဖွဲ့ကို စေလွှတ်ပြီး လေကြောင်းကနေ တိုင်းတာတာ၊ သုံးဖက်မြင်ပုံစံနဲ့ မြေမျက်နှာသွင်ပြင်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ အန္တရာယ်လျှော့ချဖို့ မြေသားနဲ့ ကျောက်တုံးတွေပိတ်နေတဲ့ နေရာရဲ့ အနိမ့်ပိုင်းမှာ ရေဖောက်ချမယ့် လမ်းကြောင်းတူးဖော်ဖို့ စီစဉ်ထားပေမယ့် ဒေသအတွင်း မြေသားမတည်ငြိမ်မှုကြောင့် လုပ်ငန်းဆောင်ရွက်ဖို့ ခက်ခဲနေပါတယ်။
Gyirong နယ်စပ်ဂိတ်ဝန်းကျင်မှာ မိုးဆက်ရွာနေတာကြောင့် တောင်စောင်းက မြေသားနဲ့ ကျောက်တုံးတွေ ပိုမိုမတည်ငြိမ်လာပြီး မြေပြိုမှုနဲ့ နှင်း၊ ရေခဲပြိုကျမှုတွေ ထပ်မံဖြစ်ပေါ်နိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ မိုးရွာသွန်းမှုဟာ လာမယ့်သီတင်းပတ်အတွင်း ဆက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ရေကန်က ရေစတင်လျှံလာပြီးနောက် တရုတ်ဘက်မှာ ရှာဖွေကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ယာဉ်တွေကို အန္တရာယ်ကင်းတဲ့နေရာတွေဆီ ပြန်ဆုတ်ခိုင်းထားပါတယ်။ နီပေါဘက်မှာလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို မိနစ် ၉၀ ခန့် ရပ်နားခဲ့ပြီးနောက် ပြန်လည်စတင်ခဲ့ပါတယ်။
ရေကန်ကနေ ရေတွေ Bhotekoshi မြစ်ထဲ စတင်လျှံကျလာတာကြောင့် မြစ်ရေမြင့်တက်လာပြီး နီပေါဘက်က ဒေသခံတွေကို မြစ်ကမ်းနားကနေ ဝေးဝေးနေဖို့ သတိပေးထားပါတယ်။ သတိပေးဥဩသံတွေ မြည်လာချိန်မှာ ဒေသခံတချို့ ပစ္စည်းတွေယူပြီး မြင့်တဲ့နေရာတွေဆီ ထွက်ပြေးခဲ့ကြပါတယ်။
လက်ရှိ ပျောက်ဆုံးနေသူ ၁,၀၀၀ နီးပါးထဲမှာ နိုင်ငံ ၃၁ နိုင်ငံက နိုင်ငံခြားသား ၅၄၀ ခန့် ပါဝင်ပြီး အိန္ဒိယက ဟိန္ဒူဘုရားဖူးအများအပြားလည်း ပါဝင်ပါတယ်။

