Homeပြည်တွင်းသတင်းမရမ်းကုန်းမှာ အသက် ၁၁ နှစ်အရွယ် Grade-4 ကျောင်းသား ပျောက်ဆုံးနေတာ ၂ ရက်ရှိပြီ၊ ရှာမတွေ့သေး

မရမ်းကုန်းမှာ အသက် ၁၁ နှစ်အရွယ် Grade-4 ကျောင်းသား ပျောက်ဆုံးနေတာ ၂ ရက်ရှိပြီ၊ ရှာမတွေ့သေး

ဩဂုတ် ၂၈၊ ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ အသက် ၁၁ နှစ်အရွယ် Grade-4 ကျောင်းသား မောင်ရဲခန့်ကိုဟာ ဩဂုတ် ၂၆ ရက် ညနေပိုင်းက အိမ်အနီးမှာ အစားအသောက်ဝယ်ဖို့ ထွက်သွားပြီးနောက် ပျောက်ဆုံးနေပြီး ဒီကနေ့ ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းအထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက New Day Myanmar က စုံစမ်းသိရှိရပါတယ်။

မောင်ရဲခန့်ကိုဟာ ဩဂုတ် ၂၆ ရက် ညနေ ၆ နာရီဝန်းကျင်မှာ မိခင်ဖြစ်သူ နေမကောင်းဖြစ်နေတာကြောင့် ညစာအတွက် လမ်းထိပ်က လက်ဖက်သုပ်ဆိုင်ကို သွားဝယ်ဖို့ အိမ်ကနေ ထွက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ညနေ ၆ နာရီခွဲဝန်းကျင်အထိ အိမ်ပြန်မရောက်လာတာကြောင့် မိခင်ဖြစ်သူက လိုက်လံရှာဖွေခဲ့ပြီး အဲဒီအချိန်ကစလို့ မိသားစုနဲ့ နီးစပ်သူတွေက နေရာအနှံ့ လိုက်လံရှာဖွေနေတာ ဖြစ်ပါတယ်။

“မတွေ့သေးဘူးဗျ။ CCTV မှတ်တမ်းအရတော့ လိုက်ရှာနေတယ်။ လောလောဆယ် ပတ်ဝန်းကျင်ရယ်၊ သူသွားဝယ်တဲ့ဆိုင်ရယ်ကို မေးရတာပေါ့။ ဘယ်အချိန်က ပြန်ထွက်သွားတယ်ဆိုတာ CCTV မှတ်တမ်းနဲ့ တိုက်စစ်ရတာပေါ့” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက New Day Myanmar ကို ပြောပါတယ်။

လက်ရှိမှာ မောင်ရဲခန့်ကို သွားလာခဲ့နိုင်တဲ့ လမ်းကြောင်းတလျှောက် CCTV မှတ်တမ်းတွေကို စစ်ဆေးနေပြီး နောက်ဆုံးတွေ့ရှိခဲ့တဲ့ နေရာနဲ့ ဘယ်ဘက်ကို ဆက်လက်သွားခဲ့သလဲဆိုတာ ရှာဖွေနေတယ်လို့ သိရပါတယ်။

မောင်ရဲခန့်ကိုရဲ့ မိသားစုဟာ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ်ဒေသမှာ နေထိုင်ကြပြီး ကလေးကို မြင်တွေ့ခဲ့သူ ဒါမှမဟုတ် ပျောက်ဆုံးမှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ရှိသူတွေအနေနဲ့ မိသားစု ဒါမှမဟုတ် သက်ဆိုင်ရာရဲတပ်ဖွဲ့ကို အမြန်ဆုံး အသိပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Related News

Most Read