ဩဂုတ် ၂၁၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်က ဆောက်လုပ်ရေးလုပ်သားစခန်းတစ်ခုကို အုပ်ချုပ်ရေးအာဏာပိုင်တွေ ဒီနေ့ ဩဂုတ် ၂၁ ရက် မနက်ပိုင်းမှာ ဝင်ရောက်စစ်ဆေးရာ တရားဝင်စာရွက်စာတမ်း မရှိတဲ့ မြန်မာအလုပ်သမား ၃၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အာဏာပိုင်တွေက အယုဒ္ဓယခရိုင်၊ ဥထိုင်မြို့နယ်၊ နောင်နမ်ဆုမ်ကျေးရွာအုပ်စု အမှတ် ၄ က အလုပ်သမားစခန်းကို ဝိုင်းရံစစ်ဆေးခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကို မြင်ချိန်မှာ အလုပ်သမားတချို့က မြက်ခင်းနဲ့ လယ်ကွင်းဘက် ထွက်ပြေးခဲ့သလို တချို့က ရေထဲခုန်ချပြီး ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒီစစ်ဆေးမှုဟာ အလုပ်သမားစခန်းအတွင်း နိုင်ငံခြားသားအလုပ်သမားတွေနဲ့ ပတ်သက်ပြီး အနီးအနားဒေသခံတွေရဲ့ တိုင်ကြားချက် ရရှိခဲ့တာကြောင့် လုပ်ဆောင်ခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ကနဦးစစ်ဆေးချက်အရ အဲဒီစခန်းမှာ နိုင်ငံခြားသားအလုပ်သမား စုစုပေါင်း ၂၃၀ ဦး ရှိပြီး အဲဒီထဲက ၁၉၅ ဦးမှာ တရားဝင်စာရွက်စာတမ်းတွေ ရှိပေမယ့် ၃၅ ဦးမှာ ကတ် ဒါမှမဟုတ် နယ်စပ်ဖြတ်ကျော်ခွင့်စာရွက်စာတမ်း မရှိဘူးလို့ ဆိုပါတယ်။
ရဲစစ်ဆေးချက်အရ ဖမ်းဆီးခံရသူတချို့ဟာ အဲဒီနေရာကို ရောက်ပြီး အလုပ်လုပ်တာ မကြာသေးသလို တချို့ဆို အလုပ်ဝင်တာ တစ်လတောင် မပြည့်သေးဘူးလို့ သိရပါတယ်။ သူတို့ဟာ ကန်ချနဘူရီခရိုင်ဘက်ကနေ တရားမဝင် ဝင်ရောက်လာပြီး ပွဲစား ဒါမှမဟုတ် လမ်းပြတွေကတဆင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ အလုပ်သမားစခန်းတွေဆီ ပို့ဆောင်ပေးခဲ့တာလို့ ထိုင်းရဲက ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၃၅ ဦးကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ပြီး ခွင့်ပြုချက်မရှိဘဲ နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူထားပြီး ဥထိုင်ရဲစခန်းကို လွှဲပြောင်းထားပါတယ်။
ဒါ့အပြင် အဲဒီအလုပ်သမားတွေကို တည်းခိုခွင့်ပေးသူ၊ ကူညီပို့ဆောင်သူတွေနဲ့ နောက်ကွယ်က ပွဲစားကွန်ရက်ကိုပါ ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

