ဩဂုတ် ၁၈၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ အလည်အပတ်နိုင်ငံကူးလက်မှတ် (PV – Passport for Visit) ကိုင်ဆောင်ထားသူတွေကို ကိုင်ဆောင်ထားတဲ့ ထိုင်းဗီဇာအမျိုးအစား မခွဲခြားဘဲ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာနဲ့ စာအုပ်သစ်လဲပေးတာကို လတ်တလော ရပ်ထားတယ်လို့ သံရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံက New Day Myanmar က သိရပါတယ်။
လက်ရှိရရှိထားတဲ့ ကနဦးအချက်အလက်တွေအရ PV ပတ်စပို့ကိုင်ဆောင်သူတွေအနေနဲ့ ဘန်ကောက်မြန်မာသံရုံးမှာ စာအုပ်သစ်လဲလိုပါက နေပြည်တော်ဘက်ကို အချက်အလက်ပေးပို့ပြီး စိစစ်ခွင့်ပြုချက် တောင်းခံရမယ်လို့ သိရပါတယ်။ နေပြည်တော်ဘက်က နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်ပေးကြောင်း ပြန်လည်အကြောင်းကြားလာမှသာ ဆက်လက်ဆောင်ရွက်ခွင့် ရရှိမယ်လို့ သံရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“PV ကိုင်ဆောင်ထားသူတွေ မည်သည့် Visa အမျိုးအစားနဲ့ ဖြစ်နေပါစေ ဘန်ကောက်မြန်မာသံရုံးမှာ Passport လဲမပေးတော့ဘူးလို့ လတ်တလော သိရပါတယ်။ PV စာအုပ်လဲရင် နေပြည်တော်ကို အကြောင်းကြားပြီး အဲဒီဘက်က Passport ပြုလုပ်ခွင့်ပေးမှ ဆက်လုပ်ခွင့်ရမယ်။ လက်ရှိ PJ ကိုင်ဆောင်ထားသူတွေကတော့ ဘန်ကောက်မြန်မာသံရုံးမှာ Passport လဲလို့ရပါတယ်” လို့ သံရုံးနဲ့ နီးစပ်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
အခုစည်းကမ်းအပြောင်းအလဲဟာ PV ပတ်စပို့နဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်လာပြီး နောက်ပိုင်းမှာ အလုပ်ဗီဇာ၊ ကျောင်းသားဗီဇာ ဒါမှမဟုတ် တခြားနေထိုင်ခွင့်ဗီဇာအမျိုးအစားတွေ ပြောင်းလဲထားသူတွေကိုပါ သက်ရောက်နိုင်တာဖြစ်ပါတယ်။
ဒါပေမယ့် PV ပတ်စပို့အားလုံးကို လုံးဝသက်တမ်းမတိုးပေးတော့ဘူး၊ မြန်မာနိုင်ငံကို မဖြစ်မနေပြန်ရမယ် ဆိုတဲ့ အသေးစိတ်စည်းမျဉ်းကို ဘန်ကောက်မြန်မာသံရုံးက ဩဂုတ် ၁၈ ရက် ညပိုင်းအထိ တရားဝင်ကြေညာထားတာ မတွေ့ရသေးပါဘူး။ သံရုံးရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာလည်း ဒီစည်းကမ်းအပြောင်းအလဲနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်အသစ် မတွေ့ရသေးတာကြောင့် လက်ရှိအချက်အလက်တွေကို ကနဦးသတင်းအဖြစ်သာ ယူဆဖို့ လိုပါတယ်။
လက်ရှိမှာ PJ – Passport for Job ကိုင်ဆောင်ထားသူတွေအတွက်တော့ ဘန်ကောက်မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ်လဲလှယ်တဲ့ လုပ်ငန်းစဉ်ကို ဆက်လုပ်ပေးနေတယ်လို့ သံရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။
အခုသတင်းထွက်ပေါ်လာတာကြောင့် ထိုင်းနိုင်ငံမှာ PV ပတ်စပို့နဲ့ ဝင်ရောက်လာပြီး နောက်ပိုင်း တရားဝင်ဗီဇာအမျိုးအစား ပြောင်းလဲနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအကြား စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။
အထူးသဖြင့် ပတ်စပို့သက်တမ်းကုန်ခါနီးသူတွေအနေနဲ့ စာအုပ်သစ်လဲလှယ်မှု အချိန်မီမလုပ်နိုင်ပါက ထိုင်းဗီဇာနဲ့ နေထိုင်ခွင့်သက်တမ်း ဆက်တိုးရာမှာ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာလည်း စစ်အုပ်စုဘက်က ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေးနဲ့ စာအုပ်လဲလှယ်ရေးအတွက် စည်းကမ်းချက်တွေ တင်းကျပ်တာတွေ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်သူတွေအတွက် နိုင်ငံကူးလက်မှတ်ဆိုင်ရာ လုပ်ငန်းစဉ်တွေ ပိုမိုခက်ခဲစေတဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။
လောလောဆယ်တော့ PV ပတ်စပို့ကိုင်ဆောင်သူတွေအတွက် စည်းကမ်းအသစ် ဘယ်နေ့က စတင်သက်ရောက်မယ်၊ နေပြည်တော်ဘက် စိစစ်ခွင့်ပြုချက်ကို ဘယ်လိုတောင်းရမယ်၊ လက်ရှိချိန်းဆိုထားသူတွေကို ဘယ်လိုဆောင်ရွက်ပေးမယ်နဲ့ PJ သို့မဟုတ် တခြားပတ်စပို့အမျိုးအစား ပြောင်းလဲခွင့် ရှိ၊ မရှိ ဆိုတဲ့ အသေးစိတ်အချက်တွေကို တရားဝင်မသိရသေးပါဘူး။

