ဩဂုတ် ၁၄ ၂၀၂၆ | New Day Myanmar
မိုးတွင်းကာလရောက်လာတာနဲ့အမျှ ရာသီပေါ်တုပ်ကွေးနဲ့ ဖျားနာမှုတွေ ပိုများလာပေမယ့် ဆေးခန်းသွားပြဖို့ ငွေကြေးမတတ်နိုင်တဲ့ အခြေခံလူတန်းစားတွေကတော့ ရပ်ကွက်ထဲက ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ စပ်ဆေးတွေနဲ့ပဲ ရောဂါကို ဖြေရှင်းနေကြရတယ်လို့ ရန်ကုန်နေ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
လက်ရှိမှာ ဆေးခန်းတစ်ခါသွားပြရင် ဆရာဝန်ပြခ၊ ဆေးဖိုးနဲ့ သွားလာစရိတ်တွေပါ ထည့်တွက်ရင် အနည်းဆုံး ကျပ် ၂၅,၀၀၀ ကနေ ၃၀,၀၀၀ ဝန်းကျင်အထိ ကုန်ကျနေတယ်လို့ ဆိုပါတယ်။
တစ်နေ့လုပ်မှ တစ်နေ့စားနေရတဲ့ မိသားစုတွေအတွက်တော့ ဒီကုန်ကျစရိတ်ဟာ အတော်လေးကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။
“အခုက ဝင်ငွေနဲ့ ထွက်ငွေက လုံးဝမမျှတော့ဘူး။ နေမကောင်းဖြစ်ရင် ဆေးခန်းသွားဖို့ လမ်းစရိတ်၊ ဆရာဝန်ပြခနဲ့ ဆေးဖိုးတွေကို ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ အဲဒါကြောင့် ရပ်ကွက်ထဲက ဆေးဆိုင်မှာ စပ်ဆေးဝယ်သောက်လိုက်ရင် ခဏတော့ သက်သာသွားတယ်။ အန္တရာယ်ရှိတာ သိပေမယ့် လောလောဆယ် တခြားရွေးချယ်စရာ မရှိဘူး” လို့ နေ့စားအလုပ်သမားတစ်ဦးက ပြောပါတယ်။
အလုပ်သမားတွေအနေနဲ့လည်း နေမကောင်းဖြစ်လို့ အလုပ်ပျက်သွားရင် တစ်ရက်စာလုပ်အားခ ဆုံးရှုံးနိုင်တာကြောင့် ဖျားနေတာကို အောင့်အည်းပြီး အလုပ်ဆက်လုပ်နေကြရတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် မိသားစုကို အဓိကရှာဖွေကျွေးမွေးနေသူတစ်ဦး ဖျားနာသွားရင် တစ်အိမ်လုံးရဲ့ စားဝတ်နေရေးကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ကျန်းမာရေးပြဿနာဟာ စားဝတ်နေရေးပြဿနာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
ရပ်ကွက်တွင်းက ဆေးဆိုင်ငယ်တွေကတော့ ဆေးခန်းမပြနိုင်သူတွေအတွက် လက်ရှိမှာ အားကိုးရာတစ်ခုလို ဖြစ်လာနေပါတယ်။ ဆေးဆိုင်ပိုင်ရှင်တွေအနေနဲ့လည်း ဝယ်သူတွေရဲ့ ငွေကြေးအခြေအနေကိုကြည့်ပြီး တတ်နိုင်သလောက် ဆေးဝါးတွေကို လျှော့ချရောင်းပေးနေရတယ်လို့ သိရပါတယ်။
“တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေအတွက် နေမကောင်းဖြစ်တာက အဆိုးဆုံးပဲ။ ဆေးခန်းတစ်ခါပြရင် အနည်းဆုံး နှစ်သောင်းခွဲ၊ သုံးသောင်းလောက် ကုန်တယ်။ အဲဒီငွေက မိသားစုတစ်ရက်၊ နှစ်ရက်စားဖို့ထက်တောင် များနေတယ်။ အဲဒါကြောင့် ဖျားလာရင်လည်း ဆေးခန်းမသွားနိုင်ဘဲ ရပ်ကွက်ထဲက ဆေးဆိုင်မှာ စပ်ဆေးဝယ်သောက်ပြီး အလုပ်ဆက်လုပ်နေရတယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအခြေအနေမှာ အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေးစရိတ် နှစ်ခုကြား ရုန်းကန်နေရတာကြောင့် ရပ်ကွက်အလိုက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အခြေခံဆေးဝါးအကူအညီတွေနဲ့ ကျန်းမာရေးအသိပညာပေးမှုတွေ ပိုမိုလိုအပ်နေတယ်လို့ သိရပါတယ်။

