Homeပြည်တွင်းသတင်းUSS George Washington လေယာဉ်တင်သင်္ဘော အရှေ့အလယ်ပိုင်းကို ဦးတည်၊ USS Lincoln နေရာကို အစားထိုးဖွယ်ရှိ

USS George Washington လေယာဉ်တင်သင်္ဘော အရှေ့အလယ်ပိုင်းကို ဦးတည်၊ USS Lincoln နေရာကို အစားထိုးဖွယ်ရှိ

ဩဂုတ် ၁၄၊ ၂၀၂၆ | New Day Myanmar

အမေရိကန်ရေတပ်ရဲ့ USS George Washington လေယာဉ်တင်သင်္ဘောဟာ အာရှ-ပစိဖိတ်ဒေသကနေ အရှေ့အလယ်ပိုင်းကို ဦးတည်ထွက်ခွာနေပြီး အီရန်နဲ့ စစ်ရေးပဋိပက္ခအတွင်း ရက်ပေါင်း ၂၆၀ ကျော် ပင်လယ်ပြင်မှာ ဆက်တိုက်တာဝန်ထမ်းဆောင်နေရတဲ့ USS Abraham Lincoln နေရာကို အစားထိုးဖွယ်ရှိတယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။

USS George Washington ဟာ ပြီးခဲ့တဲ့အပတ်က ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းကနေ ထွက်ခွာခဲ့ပြီး ခရူဇာစစ်သင်္ဘောတစ်စင်းနဲ့ ဖျက်သင်္ဘောတစ်စင်းနဲ့အတူ စင်ကာပူရေလက်ကြားကို ဖြတ်သန်းခဲ့ပါတယ်။ အမေရိကန်ရေတပ်တာဝန်ရှိသူတစ်ဦးက လက်ရှိမှာ သင်္ဘောဟာ မလက္ကာရေလက်ကြားထဲ ရောက်ရှိနေပြီး အိန္ဒိယသမုဒ္ဒရာဘက်ကို ဦးတည်နိုင်တဲ့ လမ်းကြောင်းပေါ် ရှိနေတယ်လို့ အတည်ပြုထားပါတယ်။

အရှေ့အလယ်ပိုင်းမှာ လက်ရှိ အမေရိကန်လေယာဉ်တင်သင်္ဘော ၂ စင်း တပ်ဖြန့်ထားပြီး USS George Washington က USS Abraham Lincoln နေရာကို အစားထိုးနိုင်တယ်လို့ အမေရိကန်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါသာဖြစ်လာရင် အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်လေယာဉ်တင်သင်္ဘော မရှိတဲ့ကာလတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။

USS Abraham Lincoln ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က ဆန်ဒီယေဂိုကနေ စတင်ထွက်ခွာခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ အရှေ့အလယ်ပိုင်းကို ရောက်ရှိခဲ့တာပါ။ အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ပြီးနောက် USS Lincoln က စစ်ဆင်ရေးတွေမှာ ဆက်လက်ပါဝင်ခဲ့ပြီး ပင်လယ်ပြင်မှာ ရက်ပေါင်း ၂၆၀ ကျော် ဆိပ်ကမ်းမဝင်ဘဲ တာဝန်ထမ်းဆောင်ထားတာဟာ စံချိန်တင်ကြာမြင့်မှု ဖြစ်ပါတယ်။

အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းက ပုံမှန်ထောက်ပံ့ရေးအခြေစိုက်စခန်းတွေ အနှောင့်အယှက်ဖြစ်ခဲ့ပြီး USS Lincoln ပေါ်မှာ အစားအသောက်၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းနဲ့ စာပို့ပစ္စည်း တချို့ ပြတ်လပ်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ဝန်ခံထားပါတယ်။ ဒါပေမယ့် လက်ရှိမှာ သင်္ဘောသားတွေ သန့်ရှင်းတဲ့သောက်သုံးရေနဲ့ သင့်တော်တဲ့ အစားအသောက်တွေ ရရှိနေတယ်လို့ ဆိုပါတယ်။

သင်္ဘောပေါ်က တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ကျန်းမာရေးအခြေအနေ၊ အချိန်ကြာမြင့်စွာ အိမ်နဲ့ခွဲနေရတာနဲ့ သင်္ဘောပစ္စည်းတွေ အလွန်အကျွံအသုံးပြုနေရတာအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး ဒီမိုကရက်ပါတီ အမတ်တချို့က ပင်တဂွန်ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ် ကတော့ USS Lincoln ပေါ်က အခြေအနေတွေနဲ့ပတ်သက်တဲ့ သတင်းတချို့ဟာ အလွန်အကျွံဖော်ပြထားတာဖြစ်တယ်လို့ ငြင်းဆိုပြီး သင်္ဘောသားတွေကို အမြန်ဆုံး အိမ်ပြန်နိုင်အောင် တပ်ဖွဲ့အစားထိုးဖို့ လိုလားတယ်လို့ ပြောပါတယ်။

အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်ရဲ့ အချက်အလက်အရ USS Abraham Lincoln Carrier Strike Group ဟာ ပင်လယ်ပြင်မှာ ရက်ပေါင်း ၂၆၀ ကျော်အတွင်း လေယာဉ်ပျံသန်းမှု ၁၀,၀၀၀ ကြိမ် ပြုလုပ်ထားပြီး စစ်လက်နက်ပစ္စည်း ပေါင် ၁ ဒသမ ၅ သန်း အသုံးပြုထားပါတယ်။

အမေရိကန်နဲ့ အီရန်ကြား တိုက်ခိုက်မှုတွေ မကြာသေးခင်ရက်သတ္တပတ်တွေမှာ လျော့ကျလာပေမယ့် အမေရိကန်ရေတပ်က အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားမှာ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့မှု ပြန်လည်ချမှတ်ထားပြီး အဲဒီပိတ်ဆို့မှုကို အချိန်အကန့်အသတ်မရှိ ဆက်ထိန်းထားနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောထားပါတယ်။

Related News

Most Read